MNP ၊ နိုဝင်ဘာ ၂၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီးဘက်သို့ ခင်ထွေး(ခ) ခင်သိန်း မောင်းနှင်လာသည့် TOYOTA ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန် ပူးပေါင်းအဖွဲ့သည် ကွင်းဆက်တရားခံ စိုင်းလွယ်ခမ်း နေထိုင်သည့် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ပစ္စတိုသေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ 9 MM LUGER ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ TOYOTA HARRIER မော်တော်ယာဉ် ၂ စီး၊ TOYOTA CROWN မော်တော်ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment