Pages

Pages

အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ (CPR) နှင့် ပစိဖိတ်မဟာမိတ်နိုင်ငံများအဖွဲ့ အမျိုးသားအဆင့်ညှိနှိုင်းရေးမှူးများအကြား ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်





MNP ၊ နိုဝင်ဘာ ၁

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၃၁-၁၀-၂၀၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့သော အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ပစိဖိတ်မဟာမိတ်နိုင်ငံများအဖွဲ့ အမျိုးသား အဆင့် ညှိနှိုင်းရေးမှူးများအကြား hybrid format ဖြင့် ပြုလုပ်သည့်အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ကာလ အတွက် အာဆီယံနှင့် ပစိဖိတ်မဟာမိတ်နိုင်ငံများဆက်ဆံရေး (ASEAN-Pacific Alliance Relations) တွင် ညှိနှိုင်းရေးမှူးနိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပစိဖိတ်မဟာမိတ်နိုင်ငံများအဖွဲ့တွင်  ချီလီ၊ ကိုလမ်ဘီယာ၊ မက္ကစီကိုနှင့် ပီရူးနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည်။  

မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ ပစိဖိတ်မဟာမိတ်နိုင်ငံများအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ပီရူးနိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး María Eugenia Echeverría က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ၊ ဒုတိယအမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ ပီရူးသံအမတ် ကြီးနှင့် ဂျကာတာအခြေစိုက် ပစိဖိတ်မဟာမိတ်အဖွဲ့ဝင်နိုင်ငံသံရုံးများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် လေ့လာသူအဖြစ် အာဆီယံဆိုင်ရာ တီမော လက်စ်တေသံအမတ်ကြီးတို့  ပါဝင်တက်ရောက်ခဲ့ကြပြီး ပစိဖိတ်မဟာမိတ် အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားအဆင့် ညှိနှိုင်းရေးမှူးများက videoconference ဖြင့် တက်ရောက်ခဲ့ကြသည်။ 

အစည်းအဝေး၌ အာဆီယံနှင့် ပစိဖိတ်မဟာမိတ်အဖွဲ့၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး၊ အာဆီယံ-ပစိဖိတ်မဟာမိတ်အဖွဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် ဒေသနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ကျား-မတန်းတူညီမျှရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတို့နှင့်စပ်လျဉ်း၍ ပစိဖိတ်မဟာမိတ်နိုင်ငံများအဖွဲ့မှ အဆိုပြုခဲ့သည့် ပူးတွဲ စီမံကိန်း(၄)ခုကို အာဆီယံက ကြိုဆိုခဲ့ပြီး ယင်းစီမံကိန်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက်အဖွဲ့ အစည်းများမှ အတည်ပြုပြီးပါက ဆက်လက်အကောင်အထည်ဖော်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost 

No comments:

Post a Comment