Industrial and Commercial Bank of China(ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ငွေပေးချေမှုစနစ် (Cross-Border Interbank Payment System - CIPS)တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Industrial and Commercial Bank of China(ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ငွေပေးချေမှုစနစ် (Cross-Border Interbank Payment System - CIPS)တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကျင်းပ



MNP ၊ နိုဝင်ဘာ ၂

Industrial and Commercial Bank of China(ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ငွေပေးချေမှုစနစ် (Cross-Border Inter-bank Payment System - CIPS) တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ Crystal Tower ရှိ ICBC Center ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai၊ ICBC(ရုံးချုပ်)မှ ဝါရင့်ကျွမ်းကျင်ပညာရှင် Ms. Liu Rui ၊ ICBC (ရန်ကုန်ဘဏ်ခွဲ)မှ CEO Mr. Liu Ming နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ၊ CITIC Group (Myanmar)Co.,Ltd မှ တာဝန်ရှိသူများ၊ ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားမစတင်မီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးတို့သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် တရုတ်ဗဟိုဘဏ် People’s Bank of China (PBC) နှင့် တရုတ်ယွမ်ငွေဖြင့် Liquidity Support ဆောင်ရွက်ပေးရေးနှင့် Bilateral Currency SWAP Arrangement ချုပ်ဆိုနိုင်ရေးကိစ္စ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၊ ရွှေလီမြို့တို့နှင့် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေအသုံးပြုမှုကို နယ်စပ်ကုန်သွယ်မှုတွင်သာမက ပုံမှန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအထိ တိုးချဲ့အသုံးပြု နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

ယင်းနောက် အခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌက ယနေ့ကျင်းပသည့် နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှုစနစ် (CIPS System)တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားသည် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်၏ ဖွံ့ဖြိုးတိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ပြီး နိုင်ငံတကာငွေပေး ချေမှုနည်းလမ်းတစ်ခု တိုးတက်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ICBC (ရန်ကုန်ဘဏ်ခွဲ)သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး CIPS System ၏ တိုက်ရိုက်အဖွဲ့ ဝင်ဘဏ်အဖြစ် ဆောင်ရွက်ခွင့်ရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM NET System နှင့် CIPS System ကို ချိတ်ဆက် ခြင်းအားဖြင့် ပြည်တွင်းဘဏ်များအနေဖြင့် CIPS System နှင့် ဆက်သွယ်ပြီး၊ နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှုစနစ် လုပ်ငန်းစဉ်တွင် Indirect Participant များ အဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာငွေပေးချေမှုများ ဆောင်ရွက်ရာတွင် SWIFT အပြင် အခြားရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ပေးချေမှုများ ပိုမိုလွယ်ကူမြန်ဆန်‌ချောမွေ့ပြီး ကုန်ကျစရိတ်သက်သာခြင်း၊ စာရင်းရှင်းလင်းမှုလွယ်ကူခြင်း၊ ပိုမိုလုံခြုံမှုရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးစီးဆင်းမှုများလည်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အမေရိကန်‌ဒေါ်လာအပေါ် မှီခိုမှု သိသိသာသာ လျှော့ချလာနိုင်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံး၏ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဒေသတွင်း ငွေကြေးအသုံးပြုပေးချေမှု လုပ်ငန်းစဉ်ဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ICBC (ရန်ကုန်ဘဏ်ခွဲ) အနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ Belt and Road” မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ရန်အတွက် တရုတ်ယွမ်ငွေကို အသုံးပြု၍ တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် စာရင်းရှင်းလင်းခြင်းလုပ်ငန်း ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ခြင်းအတွက် အထူးပင်အသိအမှတ်ပြုပါကြောင်းနှင့် ICBC (ရန်ကုန်ဘဏ်ခွဲ) အနေဖြင့် ဆက်လက်၍ တရုတ်-မြန်မာ ကုန်သွယ်ရေးလုပ်ငန်း အတူတကွပူးပေါင်းဆောင်ရွက်ရာတွင် အသစ်အသစ်သော ဝန်ဆောင်မှုများပေးနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ICBC(ရုံးချုပ်) မှ Ms. Liu Rui က ‌ICBC အနေဖြင့် ရန်ကုန်ဘဏ်ခွဲ၏ တိုက်ရိုက်တရုတ်ယွမ်ငွေ နယ်စပ်ဖြတ်ကျော် စာရင်းပေးချေခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ခြင်းအား အထူးပင် အလေးထားပါကြောင်းနှင့် ရန်ကုန်ဘဏ်ခွဲအနေဖြင့် မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဆက်လက်ပေးနိုင်ရန် အားပေးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)