MNP ၊ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဆန်၊ ဆီနှင့် ကြက်ဥများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက် ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ပေးရန်၊ ဘဏ်သို့ပင်စင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသည့် အငြိမ်းစားဝန်ထမ်းများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး ဆောင်ရွက်ပေးရန်၊ ၆ လ ၁ ကြိမ် ကျန်းမာရေးစစ်ဆေးမှုများ ပြန်လည်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။
ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီးနောက် ကျောင်းကုန်းမြို့နယ် ခုတင်(၁၀၀)ဆေးရုံတွင် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား အထွေထွေရောဂါအထူးကု၊ ဓာတ်မှန်အထူးကု၊ အရိုးအကြောအဆစ် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကို ကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ကာ ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတနော်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်
https://t.me/MyanmarNationalPost
No comments:
Post a Comment