လွတ်လပ်ရေးရပြီး ၇၆ နှစ် အကြာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွတ်လပ်ရေးရပြီး ၇၆ နှစ် အကြာ



ဇင်ငြိမ်း

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၇၆ နှစ်ရှိပါပြီ။ လက်ရှိမျိုးဆက်သစ်တွေက နယ်ချဲ့လက်အောက်မနေခဲ့ဖူးသလို လွတ်လပ်ရေးရတဲ့အချိန်ကိုလည်း မမီခဲ့ပါဘူး။ လွတ်လပ်ရေးရတာကို မီခဲ့သူတွေဟာ အခုဆို အနည်းဆုံး အသက် ၇၆ နှစ်ကျော် ရှိနေပါပြီ။ ၁၉၄၇ ခုနှစ်မှာ မွေးတဲ့သူတွေတောင် နယ်ချဲ့အုပ်ချုပ်မှုအောက်မှာ မနေခဲ့ဖူးပါဘူး။ လက်ရှိမျိုးဆက်တွေက ၁၉၄၇ ခုနှစ်နောက်ပိုင်းမှ မွေးလာခဲ့သူတွေဖြစ်တဲ့အတွက် လွတ်လပ်ရေးမျိုးဆက်သစ်တွေလို့ ဆိုရမှာပါ။ သူ့ကျွန်ဘဝမှာလည်း မနေဖူးခဲ့တဲ့သူတွေပါ။ လွတ်လပ်ရေးကို ရေကန်အသင့် ကြာအသင့် ရခဲ့တဲ့သူတွေလည်း ဖြစ်ပါတယ်။


လွတ်လပ်ရေးဆိုတာ

လွတ်လပ်ရေးဆိုတာ အခြားနိုင်ငံ၏အုပ်ချုပ်မှုမှ လွတ်မြောက်ခြင်းလို့ အင်္ဂလိပ်အဘိဓာန်မှာ ဖွင့်ဆိုပါတယ်။ မြန်မာအဘိဓာန်မှာတော့ တိုင်းတစ်ပါး၏ အုပ်စိုးခြင်းမှ လွတ်လပ်မှု လို့ ဆိုပါတယ်။ ဒီဖွင့်ဆိုချက်တွေကတော့ လွတ်လပ်ရေးဆိုတဲ့ စကားရပ်ကို တိုက်ရိုက်ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်တွေပဲ ဖြစ်ပါတယ်။ တိုင်းတစ်ပါးရဲ့ အုပ်ချုပ်မှုကနေ လွတ်မြောက်တာနဲ့ လွတ်လပ်ရေးရပြီလို့ဆိုနိုင်ပေမယ့် အဲဒီလွတ်လပ်ရေးနဲ့အတူ လွတ်လပ်ရေးရဲ့အဓိပ္ပာယ်၊ အနှစ်သာရ၊ တန်ဖိုးတွေရှိမှသာ လွတ်လပ်ရေး ရဲ့အရသာကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ နယ်ချဲ့လက်အောက်ကနေ လွတ်လပ်တဲ့နိုင်ငံ၊ လွတ်လပ်တဲ့လူမျိုးဖြစ်ဖို့ ကြိုးစားရာမှာလည်း ရည်ရွယ်ချက် ရှိပါတယ်။ လွတ်လပ်တဲ့နိုင်ငံ၊ လွတ်လပ် တဲ့လူမျိုးဖြစ်မှ အခြားနိုင်ငံနဲ့တန်းတူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး တိုးတက်အောင် ကြိုးစားကြဖို့သာ ဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းမှာ လွတ်လပ်ရေးရယူတဲ့ ရည်ရွယ်ချက်တွေ ပါပါတယ်။ “တိုင်းရင်းသားအပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေးအဆင့်အတန်းတူညီသည့် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်” လို့ ဖော်ပြထားပါတယ်။ လွတ်လပ်ရေးရဲ့ အနှစ်သာရတွေမှာဆိုရင်လည်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေ ပါပါတယ်။ လွတ်လပ်ရေးရပြီးလို့ ၇၆ နှစ်အကြာမှာ လွတ်လပ်ရေးယူခဲ့တဲ့ ရည်ရွယ်ချက် ဘယ်လောက်ပြည့်စုံပြီလဲ၊ လွတ်လပ်ရေး ရဲ့အနှစ်သာရတွေကို နိုင်ငံသားအပေါင်း ဘယ်လောက်ခံစားနေရပြီလဲဆိုတာတွေကို အစွဲကင်းကင်းနဲ့ ဆန်းစစ်ကြည့်ရင်တွေ့ရမှာ ဖြစ်ပါတယ်။


၇၆ နှစ်ကြာသည့်တိုင်

အထက်မှာဆိုခဲ့သလို လွန်ခဲ့တဲ့ ၇၆ နှစ်က လွတ်လပ်ရေးကြီးကို ရခဲ့ပေမယ့် နိုင်ငံကတော့ ပဋိပက္ခတွေ၊ သွေးကွဲမှုတွေ၊ အာဃာတတွေနဲ့ သံသရာလည်နေဆဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးရဲ့ အဓိက ရည်ရွယ်ချက်ရောက်ဖို့ ကြိုးစားရဦးမှာပါ။ တိုင်းရင်းသား အချင်းချင်း အကြား သံသယတွေ၊ မယုံကြည်မှုတွေကြောင့် စည်းလုံးညီညွတ်မှုတည်ဆောက်ဖို့ ခက်ခဲနေပါတယ်။ တကယ်လိုအပ်နေတဲ့ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း စည်းလုံးဖို့ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက်နေပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ကြိုးပမ်းလာခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ ဝိဝါဒကွဲပြားမှုတွေကြားမှာ နစ်မြုပ်နေပါတယ်။

တည်ရှိနေဆဲပဋိပက္ခတွေကို ချဉ်းကပ်ဖြေရှင်းရာမှာလည်း ကမ္ဘာမှာ ခေတ်တွေ၊ စနစ်တွေ၊ အယူအဆတွေ ပြောင်းလဲနေပေမယ့် မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုကတော့ မပြောင်းလဲသေးပါဘူး။ ဖြူရင်ဖြူ၊ မဖြူရင်မည်းရမယ်ဆိုတဲ့ သဘောထားတွေနဲ့ အယူအဆတွေကို စွဲကိုင်ထားကြဆဲပါ။ ဒါကြောင့်လည်း ပဋိပက္ခဖြေရှင်းမှုဟာ နှစ်တွေသာကြာနေပေမယ့် နိုင်ငံအတွက် တကယ် လိုအပ်နေတဲ့အဖြေရောက်ဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။ နိုင်ငံနဲ့ ပြည်သူအတွက် အဖြေမထွက်ပေမယ့် ဒီအပေါ်မှာ အသုံးချ၊ အမြတ်ထုတ်နေသူတွေရှိနေခြင်းဟာလည်း ပြဿနာတွေဖြေရှင်းရာမှာ ပိုပြီးခက်ခဲစေလျက်ရှိတာကို တွေ့ရပါတယ်။

၇၆ နှစ်အတွင်းမှာ နိုင်ငံရေးပြဿနာတွေ ပြေလည်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြပါတယ်။ နိုင်ငံရေးမပြေလည်တာတွေကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အခွင့်အလမ်းတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်သတ်ဆန်တဲ့ သဘောထား၊ အယူအဆနဲ့ လိုလားချက်တွေကြောင့် ထိရောက်တဲ့ရလဒ်ဖြစ်ဖို့နဲ့ ရေရှည်ခိုင်မြဲဖို့အတွက် အခက်အခဲတွေ ဖြစ်စေတာ တွေ့ရပါတယ်။ ဒါကြောင့် လက်ရှိပစ္စက္ခအခြေအနေတွေဟာ တကယ်သွားမယ့်ရည်မှန်းချက်နဲ့ နှိုင်းစာရင် ရုန်းကန်နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။


နှိုင်းယှဉ်ကြည့်လျှင်

အခုဆို မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၇၆ နှစ်ရှိပါပြီ။ နှစ်တွေ မနည်းတော့ပါဘူး။ ၇၆ နှစ်ဆိုတာ နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့အဆင့်အတန်းမီ နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ဖို့ လုံလောက်တဲ့အချိန်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အချိန်သိပ်မကွာဘဲ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံ တွေ၊ မြန်မာနိုင်ငံနောက်မှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေ၊ ဒုတိယကမ္ဘာစစ်ကြောင့် ပြာပုံဘဝရောက်ခဲ့တဲ့နိုင်ငံတွေဟာ အခုဆို မြန်မာနိုင်ငံရဲ့ရှေ့ကို ရောက်နေကြပါပြီ။ ကမ္ဘာ့နိုင်ငံတွေနဲ့ ပခုံးချင်းယှဉ်ပြီး တိုးတက်နေကြပါပြီ။ (၂၁) ရာစုမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတောင် မြန်မာ နိုင်ငံနဲ့ တန်းတူဖြစ်နေပါတယ်။ ယခင်က မြန်မာနိုင်ငံကို အတုယူခဲ့ကြတဲ့ နိုင်ငံတွေက အခုဆို မြန်မာနိုင်ငံထက် အဆပေါင်း များစွာ တိုးတက်နေကြပါတယ်။

မြန်မာနိုင်ငံလိုပဲ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ နှစ်ပေါင်း ၃၀၀ ကျော် နယ်ချဲ့တွေရဲ့ သိမ်းပိုက်အုပ်ချုပ်တာကို ခံခဲ့ရတဲ့ နိုင်ငံပါ။ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ မှာ အင်္ဂလိပ်တို့ဆီကနေ လွတ်လပ်ရေးရခဲ့ပါတယ်။ နယ်ချဲ့တွေရဲ့ အုပ်ချုပ်မှုအောက်မှာ အိန္ဒိယပြည်သူအားလုံးဒုက္ခမျိုးစုံကို ခါးစည်းခံခဲ့ရပါတယ်။ နယ်ချဲ့တွေ သွေးခွဲအုပ်ချုပ်ခဲ့လို့ လွတ်လပ်ရေးရပြန်တော့လည်း အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံ ကွဲခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ မတူကွဲပြားမှုတွေက မြန်မာနိုင်ငံထက် ပိုများပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးရပြီး ယနေ့အချိန်မှာတော့ ကမ္ဘာမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အားကြီးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီ။

ဒါ့အပြင် ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တဲ့ စင်ကာပူနိုင်ငံဆိုရင် ကမ္ဘာ့ထိပ်တန်းတိုးတက်တဲ့နိုင်ငံဖြစ်ပါတယ်။ စင်ကာပူနိုင်ငံဟာ နိုင်ငံအရွယ်အစားက သေးပါတယ်။ နိုင်ငံနဲ့မြို့တော် တစ်ခုတည်းပါ။ နိုင်ငံရဲ့ စီးပွားရေး အလွန်ဖွံ့ဖြိုးတိုးတက်ပါတယ်။ ကမ္ဘာပေါ်မှာ ပွင့်လင်းမြင်သာမှုအရှိဆုံး၊ အဂတိလိုက်စားမှု အနည်းဆုံးနဲ့ စီးပွားရေးလုပ်ကိုင်လို့ အကောင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံထက် လွတ်လပ်ရေးရတာ နောက်ကျတယ်၊ နိုင်ငံသေးငယ်တယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၅၈ နှစ်အကြာမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ အိန္ဒိယနဲ့ စင်ကာပူနိုင်ငံတို့ဟာ နိုင်ငံအရွယ်အစား၊ လူဦးရေ၊ လူမျိုး ကွဲပြား၊ နိုင်ငံရဲ့အခြေအနေစတာတွေ မတူညီကြပါဘူး။ ဒါပေမယ့် သူတို့ဟာ ကိုယ့်ရဲ့အခြေအနေနဲ့ လိုက်လျောညီထွေစွာ နိုင်ငံကို ကမ္ဘာ့အဆင့်ဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ကိုယ့်နိုင်ငံရဲ့ ဦးတည်ချက်အတိုင်း အကောင်အထည်ဖော်ခဲ့ကြပါတယ်။ နိုင်ငံအတွင်းဖြစ်နေတဲ့ပြဿနာတွေကို အပြုသဘောနဲ့ ဝိုင်းဝန်းဖြေရှင်းခဲ့ကြပါတယ်။ အခုလို အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ဖော်ပြရတာ အခြားသူတွေကို အထင်ကြီးလို့၊ ကိုယ့်နိုင်ငံကို အထင်သေးလို့ မဟုတ်ပါဘူး။ သူတို့တောင် ဒီလောက် တိုးတက်အောင်လုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံက ဘာကြောင့်နောက်ကျကျန်ခဲ့ရတာလဲ ဆိုတဲ့ သင်ခန်းစာယူ အဖြေထုတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။


အရှိအတိုင်းသုံးသပ်ဖို့လို

သူများနိုင်ငံတွေနဲ့ နှိုင်းယှဉ်သုံးသပ်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ပြည်တွင်းက အခြေအနေတွေကို သုံးသပ်လို့ပဲဖြစ်ဖြစ် ရှုမြင်သုံးသပ်ရာမှာ ပကတိအရှိတရားကို သိမြင်နိုင်ဖို့နဲ့ နားလည်လက်ခံဖို့ အရေးကြီးပါတယ်။ အထင်ကြီးလွန်းခြင်း၊ အထင်သေးလွန်းခြင်း၊ အဆိုးမြင်၊ အကောင်းမြင်၊ ဘက်လိုက်တဲ့အစွဲ၊ အာဃာတ၊ အတ္တစတဲ့ အဇ္ဈတ္တသန္တာန်တွေ မူမှန်ဖို့ လိုပါတယ်။

ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ပဋိပက္ခဇာစ်မြစ်တွေ၊ နိုင်ငံရဲ့ ပကတိပစ္စက္ခအခြေအနေ၊ နိုင်ငံရေးယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အကျိုးစီးပွား၊ ပါဝင်ပတ်သက်သူတွေ အားလုံးရဲ့အကျိုးစီးပွားတွေကို အစွဲကင်းကင်း စိတ်ရင်းမှန်မှန်ကန်ကန်နဲ့ ထည့်သွင်းသုံးသပ်ကြရမှာပါ။ ဒါမှသာ သုံးသပ်ချက်မှန်ပြီး ဆုံးဖြတ်ချက်မှန်မှာပါ။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံဟာ လွတ်တော့လွတ်လပ်ပါရဲ့၊ မစည်းလုံးဘူး၊ မငြိမ်းချမ်းဘူး၊ မတိုးတက်ဘူး။ လွတ်လပ်ရေးကို ရခဲ့တာကြာပြီဖြစ်ပေမယ့် လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်၊ အနှစ်သာရ၊ တန်ဖိုးနဲ့ ရည်ရွယ်ချက် ဆိုတာကို အခုအချိန်အထိ အဖြေရှာနေ ရဆဲပါပဲ။

ဒီဟာတွေကို လက်မခံချင်ပေမယ့် တကယ့်အရှိတရားဖြစ်လို့ လက်ခံကြရမှာပါ။ အဲဒီလိုဖြစ်နေတာ ၇၆ နှစ်ကြာခဲ့ပါပြီ။ ၇၆ နှစ်အတွင်းမှာ ကောင်းလိုက်၊ မကောင်းလိုက်နဲ့ သံသရာလည်နေပါ တယ်။ အားလုံးကို မကောင်းဘူးလို့ မဆိုလိုပါဘူး။ ကောင်းခဲ့တာတွေက ဘယ်ဟာတွေလဲ၊ မကောင်းခဲ့တာတွေက ဘယ်ဟာတွေလဲ ပိုင်းခြားသုံးသပ်ကြရမှာပါ။ ဒါပေမယ့်လည်း ပြဿနာတွေရဲ့အရင်းခံ အကြောင်းတရားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားသုံးသပ်ဖြေရှင်းဖို့ထက် ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်လိုချင်တဲ့ အပိုင်းလေးတွေကိုပဲ အစွဲကြီးကြီးနဲ့ တစ်ဖက်သတ်စွဲကိုင် ထားကြတဲ့အတွက် ပဋိပက္ခနဲ့ အဖြေဟာ နီးလျက်နဲ့ဝေးနေပါတယ်။

ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေတွေဟာ လွတ်လပ်ရေးယူခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ဖြောင့်ဖြောင့်ကြီး ကွဲလွဲနေတုန်းပဲလို့ဆိုရင် လွန်မယ်မထင်ပါဘူး။ မြန်မာနိုင်ငံကို သူတစ်ပါး လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းခဲ့တာဟာ အချင်းချင်း လွတ်လွတ်လပ်လပ် တိုက်ခိုက်ကြဖို့၊ ရန်ငြိုးထားဖို့၊ သွေးကွဲကြဖို့နဲ့ သူများနဲ့ယှဉ်ရင် နောက်ဆုံးရောက်နေဖို့ မဟုတ်ပါ ဘူး။ ယခင်က နယ်ချဲ့တွေ သွေးခွဲအုပ်ချုပ်ခဲ့လို့ သွေးကွဲခဲ့ကြတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးလို့ နှစ်ပေါင်း ၇၀ ကျော်တဲ့အထိ တိုင်းရင်းသားအချင်းချင်းကြား သွေးကွဲလို့ ကောင်းနေတုန်းပါပဲ။ သင်ခန်းစာမယူနိုင်သေးပါဘူး။ နယ်ချဲ့တို့ သွေးခွဲအုပ်ချုပ်ခဲ့လို့ စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့တာကို မကောင်းမှန်း၊ မဖြစ်သင့်မှန်းသိကြပါတယ်။ မကောင်းမှန်း၊ မဖြစ်သင့်မှန်းသိပေမယ့် အဲဒီအမှားတွေကို ပြင်ဖို့ထက် ကိုယ်တိုင်က အတိတ်ကို ယိုးမယ်ဖွဲ့၊ အချင်းချင်းလက်ညှိုးထိုးပြီး ယခင်အမှားတွေအတိုင်းပဲ ဆက်မှားနေကြပါတယ်။ ဖြစ်လာတဲ့ အကျိုးဆက် ကတော့ နိုင်ငံအတွက် လိုအပ်နေတဲ့ အဖြေနဲ့ ဝေးလာပြီး ဒုက္ခတွေ၊ သောကတွေ အတောမသတ်နိုင်ခြင်းနဲ့ သူများတွေထက် အစစအရာရာ နောက်ကျလာခြင်းပါပဲ။


အယူအဆဟောင်းများ

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးတစ်ရာကျော်နဲ့ စုစည်းနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ တိုင်းရင်းသားတွေများတဲ့အတွက် မတူညီ ကွဲပြားတာတွေ အများကြီးပါ။ အဲဒီလို မတူကွဲပြားတာ တွေက ဒီကနေ့ဖြစ်နေတဲ့ ပြဿနာရဲ့ဇာစ်မြစ်မဟုတ်ပါဘူး။ ပြဿနာရဲ့ဇာစ်မြစ်က မတူကွဲပြားတာကို လက်မခံခြင်းနဲ့ ငါကိုဗဟိုပြုထားခြင်းပဲ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းတစ်လျှောက်မှာ ကျင့်သုံးလာခဲ့တဲ့ ငါနဲ့မတူ ငါ့ရန်သူ၊ ငါနဲ့မတူသူကို အမြစ်ပြတ်ဖယ်ရှားရမယ်ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု အယူအဆ ဟောင်းဟာ မြန်မာနိုင်ငံမှာ အမွေဆိုးတစ်ခုလို ခိုင်ခိုင်မာမာ အမြစ်စွဲနေပါတယ်။ မစွန့်လွှတ်နိုင်ကြသေးပါဘူး။ အဲဒီ အစွန်းရောက် သဘောထားကြောင့် နိုင်ငံရဲ့ရှိပြီးသား ပဋိပက္ခတွေကို ပိုပြီး ကျယ်ပြန့်လာစေတဲ့အပြင် ပဋိပက္ခ အသစ်တွေကို ဖန်တီးပေးနေပါတယ်။

ဒီကနေ့ဖြစ်နေတဲ့ ဝိဝါဒကွဲပြားတာကို တစ်ဖက်နဲ့တစ်ဖက် အပြုသဘောမမြင်နိုင်ဘဲ အစွန်းရောက်အမြင်နဲ့ ကြည့်နေ၊ သဘောထားနေသမျှ ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းခြင်းဆိုတဲ့ နည်းလမ်းဆီ မရောက်နိုင်ပါဘူး။ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ တိုက်ခိုက်တာတွေပဲ ဖြစ်ပြီးရင်း ဖြစ်နေမှာပါ။ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားကြတဲ့အတွက် စည်းလုံးမှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာလည်း ရေရှည်တည်ဆောက်ဖို့ ခက်ခဲပါတယ်။ “ငါ” ကို မဏ္ဍိုင်ပြုတဲ့ အယူအဆဟာ မတူကွဲပြားမှုတွေနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရာမှာ အထောက်အကူမပြုပါဘူး။ မတူကွဲပြားမှုတွေနဲ့ ငြိမ်းချမ်းစွာ ရေရှည်ယှဉ်တွဲနေထိုင်ဖို့အတွက် သူ့ဆန္ဒ၊ ကိုယ့်ဆန္ဒ ညှိနှိုင်းပေါင်းစပ်နေကြရပါတယ်။ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု အယူအဆဟောင်း ကတော့ ရှိရင်းစွဲ ပဋိပက္ခနဲ့ သဘောထားမတိုက်ဆိုင်တာတွေကို ညှိနှိုင်းအဖြေရှာဖို့ထက် ကိုယ့်ရဲ့ဆန္ဒနဲ့ အတ္တတွေအတွက် ထိပ်တိုက်ရင်ဆိုင်ကြပါတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေးရပြီး ၇၆ နှစ်ကြာ တဲ့အထိ အတ္တယှဉ်ပြိုင်မှုတွေကြားထဲမှာ လွတ်လပ်ရေးရဲ့ အနှစ်သာရနဲ့ နိုင်ငံရဲ့ ရည်ရွယ်ချက် ပျောက်ဆုံးနေပါတယ်။


အမှားအမှန် အဖြေရှာနေခြင်းမဟုတ်

လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံတည်ဆောက်ရေးနဲ့ပတ်သက်လို့ တိုင်းရင်းသား ညီအစ်ကိုတွေအကြား မတူညီတဲ့အမြင်၊ သဘောထား၊ အယူအဆအမျိုးမျိုးကို ကိုင်စွဲပြောနေ ကြတာတွေ ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ ဖြစ်နေတာမဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ ဖြစ်လေ့ရှိတတ်တဲ့ သဘာဝတစ်ခုဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး အမြင်သဘောထားတွေ ကွဲပြားကြတဲ့အခါ သူနိုင်ကိုယ်နိုင် အကောင်းဆုံး အဖြေရဖို့ မတူကွဲပြားမှု တွေကို အကောင်းဆုံး စီမံခန့်ခွဲကြရပါတယ်။

လူတိုင်းကတော့ ကိုယ့်အယူအဆသာ အမှန်ဆုံးလို့ ထင်ကြမှာပါပဲ။ သူ့ရဲ့အယူအဆ၊ သဘောထားဟာ သူ့ တစ်ကိုယ်စာအတွက် မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် ဖက်ဒရယ်စနစ်လို မတူကွဲပြားမှုတွေ စုစည်းဖို့ဆိုရင် ကိုယ့်တစ်ကိုယ်စာ မှန်ကန်နေရုံနဲ့ မရပါဘူး။ အခြားသူတွေနဲ့ ပေါင်းစပ်နိုင်ဖို့ လိုပါတယ်။ အားလုံးလက်ခံနိုင်တဲ့ အဖြေထုတ်ကြဖို့လိုပါတယ်။ ဒါပေမယ့် ကိုယ့် အယူအဆသာ အမှန်ဆုံးလို့ထင်မြင်လာတဲ့အခါ အခြားသူတွေရဲ့ အမြင်သဘော ထား၊ ခံယူချက်၊ ခံစားချက်တွေအပေါ် အလေးမထားကြတော့ပါဘူး။ အဲဒီလို အလေးမထားခြင်းဟာ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် အကြီးမားဆုံး အဟန့်အတားဖြစ်ပါတယ်။

ဒါကြောင့် မတူညီတာတွေကို ပူးပေါင်းနိုင်ဖို့အတွက် အပြန်အလှန် အပေးအယူ ညှိနှိုင်းကြရပါတယ်။ ဒါမှ ဘုံရည်မှန်းချက်အတွက် သဘောတူညီမှုတွေရှာဖွေနိုင်မှာပါ။ မြန်မာ့နိုင်ငံရေး သဘောထားကွဲလွဲမှုတွေ ဖြေရှင်းရာမှာလည်း ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်နေပါတယ်။ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဟာ တစ်ဖက်နဲ့တစ်ဖက် ဘယ်သူမှန်တယ်၊ ဘယ်သူ မှားတယ်ဆို တဲ့ အဖြေကို ဆုံးဖြတ်တာ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ရဲ့ အမှား၊ အမှန်ဆိုတာထက် နိုင်ငံရဲ့ဦးတည်ချက်အတွက် ညှိနှိုင်းအဖြေရှာကြဖို့ ဖြစ်ပါတယ်။ ဘုံသဘောတူညီချက်ရဖို့ထက် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတဲ့ အဖြေရဖို့ အပြိုင်ကြိုးစားနေကြရင် မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေက ကြာရှည်နေပါလိမ့်ဦးမယ်။


လွတ်လပ်ရေးကို ထိပါးနေ

မြန်မာ့နိုင်ငံရေးဝိဝါဒတွေ ဖြေရှင်းဖို့နဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ဖို့ ပြောခဲ့ကြတာ လွတ်လပ်ရေးရတဲ့အချိန်ကတည်းကပါ။ ပြောသာပြောနေကြပေမယ့် နိုင်ငံအရွေ့ကတော့ ခရီးမပေါက်သေးပါဘူး။ အခုလို ဆိုရတာက အပျက်မြင်တဲ့သဘော မဟုတ်ပါဘူး။ နိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ကျယ်ပြန့်လာခြင်းနဲ့ အခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် နောက်ကျကျန်ခဲ့တာတွေက မျက်မြင်ပဲဖြစ်ပါတယ်။ ဒီဟာတွေအတွက် ဝိုင်းဝန်းအဖြေရှာဖို့ လိုနေပါတယ်။ အစဉ်အဆက် စွဲကိုင်လာခဲ့တဲ့ လက်ညှိုးထိုးနိုင်ငံရေး၊ အာဃာတနိုင်ငံရေးတွေနဲ့ အဖြေမရခဲ့ပါဘူး။ အကျိုးဆက်အနေနဲ့ နိုင်ငံကို ဒုက္ခတွင်းထဲ နက်သထက်နက်စေခဲ့ပါတယ်။ ပိုပြီး နက်ရှိုင်းလာတဲ့ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခတွေဟာ အခုဆို ဝင်ရောက်အမြတ်ထုတ်လိုတဲ့ အခြားနိုင်ငံတွေ အတွက် အခွင့်ကောင်း ဖြစ်နေပါတယ်။ ဒီအခွင့်ကောင်းတွေကို အသုံးချနေကြတဲ့အတွက် နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးလာနေပါပြီ။

ဒါဟာ လွတ်လပ်ရေးရယူခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ လွတ်လပ်ရေး ဆိုတာ သူတစ်ပါးလက်အောက်က လွတ်မြောက်ရုံနဲ့ အဓိပ္ပာယ်မပြည့်စုံပါဘူး။ လွတ်လပ်ရေးရဲ့ အနှစ်သာရတွေရဖို့ ကြိုးစားကြရဦးမှာပါ။ ဒီလိုအချိန်မှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ယိုးမယ်ဖွဲ့အပြစ်တင်နေရုံနဲ့ ပဋိပက္ခတွေ မပြေလည်နိုင်ပါဘူး။ နိုင်ငံကို မတည်ဆောက်နိုင်ပါဘူး။ ဖြစ်နေတဲ့ သဘောထား ကွဲပြားတာတွေကို အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မယ့်အစား နိုင်ငံအတွက် ညှိနှိုင်း ဖြေရှင်းမှသာ နိုင်ငံအတွက် လိုအပ်နေတဲ့ အဖြေကို ရမှာပါ။ ။


(ကူးယူဖော်ပြပါသည်။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)