ကိုရေချမ်း
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း(၇၆)နှစ်ရှိပြီ ဖြစ်သည်။ လွတ်လပ်ရေးရခဲ့သည်မှာ လူ့သက်တမ်းတစ်ခုပင်ရှိနေပြီ ဖြစ်သော်လည်း လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေး၏ အသီးအပွင့်များကို မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် ပြည်သူများ တန်းတူညီမျှ ပြည့်ပြည့်ဝဝ ရရှိကြပြီးပြီလားဟု မေးခွန်းထုတ်မည်ဆိုလျှင် မရသေးပါဟု ဖြေရမည်ဖြစ်သည်။ လွတ်လပ်ရေး၏ အသီးအပွင့်များကို တန်းတူညီမျှ အဘယ်ကြောင့် မရကြသေးသည်ကို မေးခွန်းထုတ်မည်ဆိုလျှင် အဓိကဇာစ်မြစ်မှာ နယ်ချဲ့တို့၏ဆိုးမွေနှင့် ကိုလိုနီလက်သစ်တို့၏ စနက်ကြောင့်ဖြစ်သည်ဟု ပြောရမည်ဖြစ်သည်။
သို့ဆိုလျှင် ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ အခြားသူကို အပြစ်ပုံချသည်မှာ မှန်သလားဟု မေးခွန်းထုတ်မည်ဆိုလျှင် ကိုယ့်အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်အောင်၊ ညီညီညွတ်ညွတ် မလုပ်နိုင်အောင် အချင်းချင်းစိတ်ဝမ်းကွဲအောင်လုပ်ခဲ့သူကို ရှာဖွေကြည့်ရန် မေးခွန်းပြန်ထုတ်ရမည်ဖြစ်သည်။ သေချာလေ့လာဆန်းစစ်ကြည့်လျှင် (၁၉)ရာစုခေတ်က နယ်ချဲ့ကိုလိုနီနိုင်ငံများ၏ လောဘဇောတိုက်ပြီး အပြိုင်အဆိုင် ကျူးကျော်ဝင်ရောက် ရန်ပြုခဲ့သောကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံငယ်များသည် နယ်ချဲ့တို့၏ ကျွန်ပြုခြင်းခံခဲ့ရသည်ကို အားလုံးသိရှိကြပြီးဖြစ်မည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နယ်ချဲ့ဗြိတိသျှတို့၏ မတရားကျူးကျော် သိမ်းပိုက်ခံရပြီး နိုင်ငံနှင့်လူမျိုးအား ကျွန်သက်ရှည်အောင် သွေးခွဲအုပ်ချုပ်ခဲ့သည်ကို အားလုံးသိရှိထားကြသည်။
အဓိကလက်သည်
လွတ်လပ်ရေးရရှိပြီးနောက် မြန်မာနိုင်ငံတွင် ကိုလိုနီလက်အောက်ခံဘဝ၌ နယ်ချဲ့တို့၏ သွေးခွဲသပ်လျှို အုပ်ချုပ်မှုအကျိုးဆက်များ တိုင်းရင်းသားပြည်သူများကြားတွင် လက်ရှိအချိန်အထိ ကျန်ရှိနေသည်ကို သေချာလေ့လာဆန်းစစ်ကြည့်လျှင် သိနိုင်ပါသည်။ မျက်မှောက်ကာလတွင်လည်း ဘူးလေးရာဖရုံဆင့်ဆိုသလို နယ်ချဲ့လက်သစ်အင်အားကြီးနိုင်ငံများ၏ ဝင်ရောက်စွက်ဖက် နှောင့်ယှက်မှုများရှိနေပါသည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခများ လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ ယနေ့ထက်တိုင် သက်ဆိုးရှည်နေခြင်းဖြစ်ပါသည်။ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ရသည့် အဓိကအကြောင်းရင်းက အချင်းချင်းစိတ်ဝမ်းကွဲ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စိတ်ဝမ်းကွဲသည်မှာ သဘောထားခံယူချက်ကွဲကြ၍ ကွဲကြသည်ဆိုသည်ထက် စိတ်ဝမ်းကွဲအောင် သွေးခွဲမြှောက်ပင့်ပေးသည့် နောက်ခံအကြောင်းတရားများနှင့် အဓိကလက်သည်ကို သိဖို့လိုပါသည်။
ထိုသို့ စိတ်ဝမ်းကွဲသည့် အဖြစ်မျိုးသည် မြန်မာနိုင်ငံတစ်နိုင်ငံတည်း ဖြစ်နေသည်တော့မဟုတ်ပါ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် စစ်အေးခေတ် နှောင်းပိုင်းကာလများတွင် ကိုလိုနီနယ်ချဲ့လက်သစ်ဟု ခေါ်တွင်သည့် အနောက်အင်အားကြီးနိုင်ငံကြီးသည် အင်အားနည်းသည့် နိုင်ငံများအပေါ် ထိန်းချုပ်ခြယ်လှယ်နိုင်ရန် သို့မဟုတ် ဩဇာလွှမ်းမိုးနိုင်ရန် သို့မဟုတ် ပြည်ထောင်စုနိုင်ငံများ ပြိုကွဲပျက်စီးစေရန် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စသည့် ကဏ္ဍပေါင်းစုံမှ မဟာဗျူဟာကျသည့် နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိနိုင်ပါသည်။
အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ဝင်ရောက်ထိုးနှောက်သွေးခွဲခဲ့ကြသည်။ အချင်းချင်းသွေးခွဲပြီး ဩဇာခံပုဆိန်ရိုးများ၊ ရုပ်သေးကြိုးဆွဲများကို အသုံးချကာ ဘာသာရေး၊ လူမျိုးရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စသည်ဖြင့် အကြောင်းပြပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ပြုလုပ်ခဲ့ကြသည်။ တိုင်းပြည်ပြိုကွဲပျက်စီးပြီးလျှင် ၎င်းတို့၏ လက်ဝေခံအစိုးရတစ်ရပ် အာဏာရရှိအောင် ပြုလုပ်ပေးသည်။
ပြည်ထောင်စုပြိုကွဲ
စစ်အေးခေတ် နှောင်းပိုင်းကာလ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို လေ့လာကြည့်လျှင် အနောက်အရင်းရှင်နိုင်ငံများအုပ်စုနှင့် အရှေ့ဆိုရှယ်လစ်နိုင်ငံများအုပ်စုတို့ ဝါဒပြိုင်အင်အားလွန်ဆွဲပွဲများကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့ မြေစာပင်ဖြစ်ခဲ့ရသည်။ အစောပိုင်းကာလတစ်လျှောက်တွင် ဥရောပတိုက်၌ ထိုအင်အားလွန်ဆွဲပွဲ ပိုမိုပြင်းထန်ခဲ့သည်။ စစ်အေးတိုက်ပွဲတွင် အနောက်အုပ်စုက အသာစီးရလိုက်သဖြင့် ဥရောပအနောက်ခြမ်းသာမက ဥရောပအရှေ့ခြမ်းနိုင်ငံများမှ ဆိုရှယ်လစ်အစိုးရများ ပြုတ်ကျပြိုကွဲသွားရသည်ကို သိရှိကြရမည်ဖြစ်သည်။ အရှေ့အုပ်စု၏ ဦးကိုင်ဖြစ်သော ဆိုဗီယက်ပြည်ထောင်စုကြီးသည်ပင် ၁၅ စိတ်ကွဲကာ ပြည်ထောင်စုအဆင့် ပျောက်ကွယ်သွားသည်ကို မြင်တွေ့နိုင်သည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သော အမေရိကန်က အရင်းရှင်စနစ်ကို ကာကွယ်ရန် မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိုမဆို ဝင်ရောက်စွက်ဖက်ခွင့်ရှိသည်ဟု ကြွေးကြော်ခဲ့သည်။ ဆိုဗီယက်ကလည်း ဆိုရှယ်လစ်စနစ်ကိုကာကွယ်ရန် လုပ်ဆောင်သမျှတရားသည်ဟု ကြွေးကြော်ခဲ့သည်။ နိုင်ငံတကာတွင် တင်းမာမှုများဖန်တီးခဲ့သည်။ ယင်းနောက် ပြိုင်ဘက်ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ့ဥရောပနိုင်ငံများ ပြိုကျသွားသောအခါ အမေရိကန်သည် ပြိုင်ဘက်ကင်းစွာဖြင့် နိုင်ငံတကာပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်လာသည်။ လတ်တလောတွင်လည်း ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အစ္စရေး-အာရပ်(ဟားမတ်စ်) ပဋိပက္ခများတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုကို သိသာထင်ရှားစွာ တွေ့မြင်နိုင်သည်။
ကမ္ဘာ့သမိုင်းမှတ်တမ်း
ကမ္ဘာပေါ်တွင် တိုင်းတစ်ပါး ဘာသာရေး၊ ယဉ်ကျေးမှု လွှမ်းမိုးရာမှ မူရင်းနိုင်ငံ ဘာသာယဉ်ကျေးမှု ပျောက်ကွယ်ခဲ့ရသည့်နိုင်ငံများ၊ စစ်ပြီးကာလ တိုင်းပြည်ပြာပုံဘဝမှ စည်းလုံးညီညွတ်မှုဖြင့် တိုင်းပြည် ပြန်လည်ထူထောင်ခဲ့သဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများ၊ တိုင်းတစ်ပါးမှ သွေးခွဲသပ်လျှိုပေးမှုကြောင့် တိုင်းရင်းသားအချင်းချင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားပြီး တိုင်းပြည်ပြိုကွဲခဲ့ရသည့်နိုင်ငံများ၊ စစ်အေးလွန်ကာလ အရှေ့အနောက် ကွဲပြားခဲ့သည့်နိုင်ငံများ ပြန်လည်ပေါင်းစည်းပြီးနောက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံများသည် သင်ခန်းစာယူဖွယ်ရာများ ဖြစ်သကဲ့သို့ အတုယူအားကျဆောင်ရွက်ရမည့် ကမ္ဘာ့သမိုင်းမှတ်တမ်းများ ဖြစ်သည်။
ပြန်လည်ပေါင်းစည်း
ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ထက်ဝက်ခန့်သာကျယ်ဝန်းသည်။ မြန်မာနိုင်ငံကဲ့သို့ပင် နှစ်ပေါင်းထောင်ချီရှည်လျားသည့် သမိုင်းကြောင်း အစဉ်အလာများရှိခဲ့သည်။ ပြင်သစ်ကိုလိုနီလက်အောက်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့ စစ်ရှုံးသဖြင့် လွတ်လပ်ရေးရခဲ့သော်လည်း ပြင်သစ်တို့က ကိုလိုနီအသက်ပြန်သွင်း လာသဖြင့် ၁၉၅၄ ခုနှစ်အထိ အင်ဒိုချိုင်းနားစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ဂျီနီဗာသဘောတူညီချက်အရ ကိုလိုနီအုပ်ချုပ်ရေး အဆုံးသတ်သွားသော်လည်း ပြင်သစ်သစ္စာခံနှင့် ဗီယက်နမ်ကွန်မြူနစ်ဟူ၍ တိုင်းပြည်နှစ်ခြမ်းကွဲသွားသည်။ ကွန်မြူနစ်များနှင့် ပြည်ပစွက်ဖက်မှုများကြောင့် ဗီယက်နမ် ပြည်သူတစ်သိန်းခန့် သေဆုံးခဲ့သည်။ ၁၉၇၁ ခုနှစ်အထိ နိုင်ငံမတည်မငြိမ်မှုများ ဖြစ်ပွားခဲ့ရာ တောင်ဗီယက်နမ်တွင် ကွန်မြူနစ်များအားကောင်းလာသည်ကို အကြောင်းပြပြီး ၁၉၆၅ ခုနှစ်မှစတင်၍ အမေရိကန်တပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ရုပ်သိမ်းခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် တောင်မြောက် ဗီယက်နမ် ပြန်လည်ပေါင်းစည်းခဲ့သည်။
ဗီယက်နမ်သည် ပြည်ပကျူးကျော်စစ် ပွဲ၊ ပြည်တွင်းပဋိပက္ခစစ်ပွဲများကို ရှည်ကြာစွာ ကြုံတွေ့ခဲ့သော နိုင်ငံဖြစ်သည်။ ဗီယက်နမ်ပြည်တွင်းစစ်ပွဲကာလအတွင်း သေဆုံးသူရှစ်သိန်းမှ သုံးသန်းကျော်အထိရှိမည်ဟု ခန့်မှန်းကြသည်။ ပျက်စီးဆုံးရှုံးမှုများမှာလည်း ပြာပုံနီးပါးပင်ဖြစ်သည်။ မည်သို့ပင် တိုင်းပြည်ယိုယွင်းပျက်စီးခဲ့သော်လည်း ၁၉၈၆ ခုနှစ်မှစတင်၍ ဗီယက်နမ်မျိုးချစ်ခေါင်းဆောင်များနှင့် ပြည်သူတစ်ရပ်လုံးက နိုင်ငံကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့ရာ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ဗီယက်နမ်နိုင်ငံသည် သိသာထင်ရှားစွာ တိုးတက်လာပြီး ကမ္ဘာ့ထိပ်တန်းစာရင်းဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဟုပင် ခန့်မှန်းထားကြသည်။
သင်ခန်းစာယူစရာ
အတိတ်ကို ပြန်ကြည့်လျှင် ဗမာ-ရှမ်း-ကရင်-ကချင် မြန်မာအချင်းချင်း၊ တောင်ကိုရီးယား - မြောက်ကိုရီးယား ကိုရီးယားအချင်းချင်း၊ တောင်ဗီယက်နမ်- မြောက်ဗီယက်နမ် ဗီယက်နမ်အချင်းချင်း၊ တရုတ်ဖြူ-တရုတ်နီ တရုတ်အချင်းချင်း၊ ရုရှား-ယူကရိန်း ရုရှားအချင်းချင်း၊ ခရိုအေးရှား-ဘော့စနီးယား-ဟာဇီဂိုဗီနား ယူဂိုစလပ်အချင်းချင်း အချိန်ကုန်၊ မျိုးပြုတ်၊ စီးပွားပျက်စေရန် ပဋိပက္ခများ ဖန်တီးခဲ့သည့် ခေတ်သစ်ကိုလိုနီလက်သစ်၏ အကောက်ကြံကို ထိုနိုင်ငံများအပြင် ကမ္ဘာပေါ်ရှိ နိုင်ငံများစွာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံရေး၊ ပထဝီနိုင်ငံရေးကို လေ့လာဆန်းစစ်ကြည့်တတ်ရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်များကဲ့သို့ ကမ္ဘာ့နိုင်ငံများ၏ အဖြစ်အပျက်များမှာလည်း သင်ခန်းစာယူစရာများ ဖြစ်သည်။
ပြည်တွင်းရှိ ပြဿနာ၏ အခြေခံအကြောင်းတရား၊ လတ်တလော အကြောင်းတရား၊ နောက်ကွယ်မှ ကြိုးကိုင်နေသူများနှင့်အတူ ကျယ်ပြန့်သွားသည့် စစ်အနေအထား၊ စစ်၏အကျိုးဆက်နှင့် ဦးတည်ချက်တို့ကို သိရှိထားဖို့လိုပါသည်။ လက်နက်ကိုင်စစ်ပွဲများ၊ ပြည်တွင်းပဋိပက္ခများ မည်သို့ပင်ဖြစ်ပွားခဲ့သော်လည်း နောက်ဆုံးတွင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အဓိကထားကြပုံ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် မိမိနိုင်ငံနှင့် နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်လိုစိတ်များ ရှိကြပုံများသည် နိုင်ငံမည်သို့ပင် ထိခိုက်ကြေကွဲပျက်စီးခဲ့သော်လည်း မိမိနိုင်ငံကို အောက်ကျ နောက်ကျမဖြစ်အောင်၊ နိုင်ငံတိုးတက်လာအောင် တက်ညီလက်ညီ ကြိုးပမ်းခဲ့ကြပုံများမှာ အတုယူအားကျဖွယ်ဖြစ်သည်။ စိတ်သဘောထားကွဲပြားပြီး ရန်သူ၊ ရန်ဘက်ပင်ဖြစ်ခဲ့သော်လည်း ဖြစ်ခဲ့ကြသည်ကို သင်ခန်းစာယူကာ ရန်သူကိုပင် မိတ်ဆွေကဲ့သို့ သဘောထားပြီး အမျိုးသားအကျိုးစီးပွားကို အလေးအနက်ထားနိုင်ကြသည်မှာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကြောင့်ပင်ဖြစ်သည်။
နိုင်ငံကိုတည်ဆောက်
နိုင်ငံကို တိုးတက်အောင် ကြိုးပမ်းအားထုတ်ကြရာ၌ ပျက်စီးယိုယွင်းခဲ့သော နိုင်ငံများအနေဖြင့် နိုင်ငံတကာအလယ်တွင် နောက်ကျမကျန်ရစ်စေဘဲ ရှေ့သို့တက်လှမ်းနိုင်အောင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် တီထွင်ဆန်းသစ်မှုများကို တက်ညီလက်ညီ လုပ်ကိုင်ကြသည်။ နိုင်ငံ့စီးပွားရေး တောင့်တင်းခိုင်မာလာအောင် ပြည်ပပို့ကုန် ထုတ်ကုန်ပစ္စည်းများကို အရည်အသွေး အဆင့်အတန်းမီအောင် ကြိုးပမ်းလုပ်ကိုင်ကြသည်။ နိုင်ငံ့စီးပွား တောင့်တင်းခိုင်မာပါမှ နိုင်ငံသူနိုင်ငံသားများ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ပြီး နိုင်ငံကာကွယ်ရေးစွမ်းအားများ အားကောင်းလာကာ တိုင်းပြည်ပြိုလဲပျက်စီးခြင်းအဖြစ်သို့ ပြန်မရောက်နိုင်တော့ဘဲ တိုးတက်သည့် နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲမည်ဟူသော ခံယူချက်ဖြင့် အစဉ်အမြဲ ကြိုးပမ်းအားထုတ်နေကြသည်။ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့သည် စက်မှု၊ သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် သုတေသနပြု တီထွင်ဆန်းသစ်မှုဖြင့် ထိပ်တန်းနိုင်ငံများဖြစ်လာကြသည်။ ကာကွယ်ရေးစွမ်းအား တောင့်တင်းခိုင်မာသော နိုင်ငံများဖြစ်လာသည်။
အချုပ်အားဖြင့်ဆိုလျှင် မြန်မာနိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို ဆန်းစစ်ကြည့်မည်ဆိုလျှင် နယ်ချဲ့တို့၏ ဆိုးညစ်ယုတ်မာသည့် အကြံအစည်များနှင့်ခြေလှမ်းများကို သတိထားသိမြင်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံအင်အား မတောင့်တင်းပါက သို့မဟုတ် စည်းလုံးညီညွတ်မှု မခိုင်မြဲပါက နိုင်ငံ့အချုပ်အခြာအာဏာသည် အချိန်တိုအတွင်း လက်လွတ်ဆုံးရှုံးနိုင်သည်ဆိုသော ကြီးမားသည့်သင်ခန်းစာများကို ရရှိခဲ့ကြပြီးဖြစ်ရာ တိုင်းရင်းသားအချင်းချင်း မည်သို့ပင်စိတ်သဘောထား၊ ခံယူချက်များ ကွဲပြားခဲ့သော်လည်း နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင်၊ လွတ်လပ်ရေး၏ အသီးအပွင့်များကို တန်းတူညီမျှ ခံစားနိုင်အောင်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံကို တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။
https://t.me/MyanmarNationalPost
No comments:
Post a Comment