သတ်မှတ်ပြဋ္ဌာန်းထားရှိသော ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သတ်မှတ်ပြဋ္ဌာန်းထားရှိသော ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းအိမ်ရာများတွင် ရေ၊ မီး ရရှိမှုအခြေအနေ၊ LED မီးတပ်ဆင်ထားရှိမှုအခြေအနေ၊ အဆောက်အဦ ကြံ့ခိုင်မှုအခြေအနေများနှင့် အိမ်ထောင်စု စာရင်းအတိုင်း နေထိုင်မှုရှိ-မရှိ အခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ တိုက်ပတ်ဝန်းကျင်သန့်ရှင်းရေးကို နေ့စဉ်/ အပတ်စဉ်အလိုက် ပူးပေါင်းဆောင်ရွက်ရန်၊ ရေနုတ်‌မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် စုပေါင်းဆောင် ရွက်ကြရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာစည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် လျှပ်စစ်မီးလုံခြုံရေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် မည်သို့ပြုမှု ဆောင်ရွက်ရမည်တို့ကို မှာကြားပြီး တိုက်ခန်းနေ မိသားစုများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဝန်ထမ်းများတွေ့ဆုံ ပွဲ (၁/၂၀၂၄) သို့ တက်ရောက်ပြီး ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် သတ်မှတ်ပြဋ္ဌာန်းထားရှိ သော ဥပဒေနှင့်အညီ တိုင်းရင်းသား များ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ရှေးရှုပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ စနစ်တကျ လိုက်နာ ကျင့်သုံး ဆောင်ရွက်သွားကြ ရန်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားကြောင့် ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများနှင့် စီးပွားရေးအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။

ထို့နောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်းသုံးဦးကို ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဆုများချီးမြှင့်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)