(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့် နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့် နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲကျင်းပ




MNP ၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့် နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲ ဖွင့်ပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြန်မာနိုင်ငံ မြင်းစီးအားကစားကွင်း၌ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက ကျင်းပသည်။ 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊  မြန်မာ့ရိုးရာ မြင်းစီးအားကစားကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် တာဝန်ရှိသူများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့် နိုင်ငံတကာ မြင်းစီးအားကစားပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မြင်းစီးအားကစားသမားများ အားကစားကွင်းအတွင်း နေရာယူကြပြီး အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က “မြင်းစီးအားကစားနည်းဟာ လူနဲ့ မြင်းနဲ့ တစ်စိတ်တစ်ဝမ်းတည်း အတွဲညီညီ ယှဉ်ပြိုင်ကြသည့် ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ အားကစားနည်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် မြန်မာ့ရိုးရာ မြင်းစီးအားကစားနည်းများဖြစ်တဲ့ ဒုန်း၊ အသားကျ၊ ဓားခုတ်၊ စက်ထိုး၊ လှံပစ် စတဲ့ ပြိုင်ပွဲများပါဝင်မှာ ဖြစ်တဲ့အတွက် အရိုးကို အရွက်မဖုံး ဆိုတဲ့ စကားလိုပဲ မိမိနိုင်ငံနှင့်လူမျိုးရဲ့ ရိုးရာဓလေ့ကို အလေးထား ဖော်ထုတ်ယှဉ်ပြိုင်ရခြင်းဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုရမှာဖြစ်ကြောင်း၊ မြန်မာ့မြင်းစီးအားကစားနည်းဖြင့် နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့ နိုင်ငံတကာမြင်းစီးအားကစားနည်းဖြစ်တဲ့ တန်းခုန်နဲ့ မြင်းအလှစီးပြိုင်ပွဲများ ပါဝင်တဲ့အတွက် မြင်းစီးအားကစားသမားရဲ့ အနာဂတ်အတွက်များစွာ ကောင်းမွန်ကြောင်း၊ ဒီအားကစားနည်းဟာ အိုလံပစ်ပြိုင်ပွဲအထိ တက်လှမ်းနိုင်တဲ့အတွက် လေးစားတန်ဖိုးထားရမှာဖြစ်ကြောင်း၊ ပြိုင်ပွဲကို စည်းကမ်းတကျနဲ့ ဘေးအန္တရာယ်ကင်းစွာ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ယခုမြင်းစီးအားကစားပြိုင်ပွဲကြီးမှ မြန်မာ့မြင်းစီးအားကစား အဆင့်အတန်း တိုးတက်မြင့်မားပြီး မြန်မာပြည်သူပြည်သားများ မြင်းစီးအားကစားကို ပိုမိုစိတ်ဝင်စား ချစ်မြတ်နိုးလာအောင် မြှင့်တင်ပေးနိုင် မှာဖြစ်ကြောင်း” စသည်ဖြင့် အမှာစကား ပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား မြင်းစီးအားကစားအဖွဲ့ချုပ်မှ စုပေါင်းသရုပ်ပြစီးနင်းမှု (parade)ဖြင့် စီးနင်းပြသ ဧည့်ခံခဲ့သည်။

မြင်းစီးအားကစားပြိုင်ပွဲတွင် ရိုးရာဒုန်းအငယ်တန်း၊ အလတ်တန်း၊  အကြီးတန်း၊ အထူးတန်းပြိုင်ပွဲများ၊ ရိုးရာဒုန်း Pony တန်းပြိုင်ပွဲ၊ ရိုးရာအသားကျပြိုင်ပွဲများ၊ ရိုးရာဓားခုတ်/စက်ထိုး/လှံပစ်ပြိုင်ပွဲများ၊ နိုင်ငံတကာတန်းခုန်နှင့် မြင်းအလှစီးပြိုင်ပွဲများကို မြင်းစီးအားကစားသမား ၁၈၃ ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။


မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)