မြိတ်မြို့တွင် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ



MNP ၊ ဖေဖော်ဝါရီ ၂၅

(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကန်ဖျားရပ်ကွက်ရှိ ရာမညမွန်ဘုန်း‌တော်ကြီးကျောင်းတွင် ဖေဖော်ဝါရီ(၂၅)ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြပြီး ‌အခမ်းအနားကို မွန်အမျိုးသားအလံတော်အား တက်ရောက်လာကြသည့် မွန်တိုင်းရင်းသား/သူများက ဦးညွတ်အလေးပြု ဖွင့်လှစ်ခဲ့ကြသည်။

တပို့တွဲလပြည့်ကျော်(၁)ရက်နေ့တွင် ကျရောက်သည့် မွန်တိုင်းရင်းသား/သူများ၏ အမျိုးသားနေ့ သမိုင်းဝင်နေ့ထူး နေ့မြတ်အခါသမယတွင် ရှေးအစဉ်အဆက် မွန်အမျိုးသားအကျိုးအတွက် အနစ်နာခံဆောင်ရွက်ခဲ့ကြသော မွန်မျိုးချစ်ပုဂ္ဂိုလ်များ၏ ကျေးဇူးဂုဏ်ကို ရည်မျှော်ဂုဏ်ပြုရင်း မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန် တက်ကြွလာစေရေး နှိုးဆော်ဆောင်ရွက်နိုင်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် မွန်အမျိုးသားနေ့ အခမ်းအနားများကို အစဉ်အလာမပျက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မွန်အမျိုးသားနေ့ အခမ်းအနားကို ရာမညမွန်ကျောင်း ဆရာတော် ဘဒ္ဒန္တဒါနဝရက သဘာပတိမိန့်ခွန်းမိန့်ကြားပြီး (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို)အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌမိန့်ခွန်းကို မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် နိုင်ကျော်ရှိန်က မွန်ဘာသာဖြင့် ဖတ်ကြားပြီး နွေရာသီမွန်စာသင်ကျောင်းဆရာ မင်းသိုက်နွန်ချမ်းက မြန်မာဘာသာဖြင့် ဖတ်ကြားသည်။

ဆက်လက်၍ မွန်စာပေယဉ်ကျေးမှုဆိုင်ရာ တင်ပြချက်ကို နွေရာသီမွန်စာသင်ကျောင်း ဆရာမ မိသဇင်မွန်က မွန်ဘာသာဖြင့် ဖတ်ကြားပြီး နွေရာသီမွန်စာသင်ကျောင်းဆရာ မင်းအောင်ခေတ်မာန်မှ မြန်မာဘာသာဖြင့် ဖတ်ကြားသည်။ ယင်းနောက် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သော သဝဏ်လွှာအား မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ချမ်းလွန်က ဖတ်ကြားသည်။

ဆက်လက်၍ ရာမညမွန်ကျောင်းဆရာတော်မှ အခမ်းအနား နိဂုံးချုပ်စကားမိန့်ကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ အခမ်းအနားအပြီးတွင် မွန်တိုင်းရင်းသူများက မွန်ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မွန်တိုင်းရင်းသား/သူများက အဖွဲ့အလိုက် ထမနဲထိုးပြိုင်ပွဲကို ပျော်ရွင်စွာဆင်နွဲခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)