နွေစပါးစိုက်ပျိုး ဝင်ငွေတိုး သုံးမြို့နယ် နွေစပါး အားမာန်သစ်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေစပါးစိုက်ပျိုး ဝင်ငွေတိုး သုံးမြို့နယ် နွေစပါး အားမာန်သစ်များ



ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့အတွင်း နွေစပါးစိုက်ပျိုးပြီးစီးမှုများကို ကွင်းဆင်းလေ့လာ သတင်းစကားရယူလိုသောကြောင့် စာရေးသူတို့အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့မှ သူငယ်ချင်း၏ မော်တော်ယာဉ်ဖြင့် ဇန်နဝါရီ ၂၀ ရက်တွင် ကွင်းဆင်းခရီး သွားရောက်ခဲ့သည်။

ဆောင်းအအေးဓာတ်နှင့်အတူ ကမ္ဗလာစိမ်းများ ခင်းထားသည့်အလား ထင်မှတ်မှားရသည့် နွေစပါးစိုက်ခင်း တစ်မျှော်တစ်ခေါ်မြင်ကွင်းများကို ကားလမ်းဘေးဝဲယာတစ်လျှောက်တွင် အဆက် မပြတ်တွေ့မြင်နေရသည်။ အောင်မြင်ရှင်သန် စိမ်းစိုလန်းဆန်းနေသည့် နွေစပါးစိုက်ခင်းများပင် ဖြစ်သည်။


ဖျာပုံမြို့နယ် က‌ဇောင်းကျေးရွာသို့

စာရေးသူတို့အဖွဲ့မှာ ဖျာပုံမြို့နယ်ဆီသို့ ဦးတည်၍ သွားရောက်နေသည်။ နှစ်နာရီခန့် မောင်းနှင်ပြီးသောအခါ ဖျာပုံမြို့နယ် ငါးမိုင်ဘဲခြံသို့ ရောက်သည်။ ထိုမှတစ်ဆင့် ကဇောင်းကျေးရွာသို့ ခရီးဆက်ကြသည်။ ကဇောင်းကျေးရွာတွင် ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ဥမ္မာအေး၊ မြို့နယ်မျိုးစေ့တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဝန်ထမ်းများ၊ မှော်ဘီ (၃) မျိုးသန့်ထုတ်စိုက် တောင်သူဦးသိန်းနိုင်နှင့် တောင်သူများက အပြုံးကိုယ်စီဖြင့် ဆီးကြိုနှုတ်ဆက်ကြသည်။

ကဇောင်းကျေးရွာ မှော်ဘီ (၃) မျိုးသန့်ထုတ် စိုက်ခင်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် စိမ်းစို လန်းဆန်းနေသော ၁၇ ရက်သား နွေစပါးပင်ပျိုလေးများကို တွေ့ရသည်။ အောင်မြင်ရှင်သန်နေသည့် နွေစပါးမျိုးသန့်ထုတ်စိုက်ခင်းမှာ အားရစရာပင်။

ကဇောင်းကျေးရွာ နွေစပါးမျိုးသန့်ထုတ်စိုက်ခင်းမှ တောင်သူဦးသိန်းလှိုင်က နွေစပါးမျိုးသန့်ထုတ် စိုက်ပျိုးခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူများနှင့် ဝင်ငွေတိုးတက်ရရှိလာပုံများကို ခရီးရောက်မဆိုက်ပင် အားရပါးရ ရှင်းလင်းပြောပြသည်။ ကဇောင်းကျေးရွာ မှော်ဘီ (၃) နွေစပါး မျိုးသန့်ထုတ်စိုက်ခင်းမှာ တစ်ဆက်တစ်စပ်တည်း ဧကပေါင်း ၉၈ ဧက စိုက်ပျိုးထားသည်။ မျိုးသန့် ထုတ် စိုက်ခင်းမဟုတ်သော နွေစပါးဧကမှာ စုစုပေါင်း ၂၈၂ ဧက ရှိပေသည်။

ကဇောင်းကျေးရွာ မျိုးသန့်ထုတ်စိုက်ခင်းတွင် ဒေသခံတောင်သူများက စိုက်ခင်းအတွင်းသို့ ဝင်ရောက်ပြီး မျိုးကွဲပေါင်းနုတ်နေကြသည်။ စီတန်းလျက် မျိုးကွဲပေါင်းနုတ်နေသည်မှာ ကြည့်၍ပင်ကောင်းလှသည်။ မျိုးသန့်ထုတ်စိုက်ခင်းများအတွင်း ဤသို့ မျိုးကွဲပေါင်းနုတ်ခြင်းက အဓိကလုပ်ငန်းစဉ်တစ်ခုထဲမှာ ပါဝင်သည်။ မျိုးသန့်ထုတ်တစ်ဧက အထွက်နှုန်းတိုးတက် စေရေးအတွက် မျိုးကွဲပေါင်းနုတ်ပေးကြရခြင်း ဖြစ်သည်။

ယခုအခါ စံပြတောင်သူလယ်သမားများမှာ မြို့နယ်အလိုက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နည်းပညာရယူကာ မျိုးသန့်ထုတ်စိုက်ခင်းများကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ အကောင်အထည်ဖော် စိုက်ပျိုးနေကြသည်။ အကြောင်းမှာ မျိုးသန့်ထုတ်စိုက်ခင်းမှထွက်ရှိသော မျိုးကောင်းမျိုးသန့်များသည် ဈေးကောင်းရသောကြောင့်ဖြစ်သည်။ စံပြတောင်သူများအနေဖြင့် မျိုးသန့်ထုတ်စိုက်ခင်းများမှ ထွက်ရှိသော မျိုးကောင်းမျိုးသန့်များကို နွေစပါးစိုက်တောင်သူ များထံ တစ်ဆင့်ပြန်လည်ရောင်းချရာမှ ဝင်ငွေတိုးတက်ရရှိနိုင်ခြင်း ဖြစ်ပေသည်။

ကဇောင်းကျေးရွာ၌ ကြိုတင်ရောက်ရှိနေသော ဖျာပုံမြို့နယ် မှော်ဘီကျေးရွာမှ နွေစပါးစိုက် တောင်သူဦးထွန်းထွန်း၊ ဦးဇော်မျိုးလှိုင်တို့နှင့်တွေ့ဆုံပြီး နွေစပါးအကြောင်း သတင်းစကား မေးမြန်းခဲ့ရာ နွေစပါးစိုက်ပျိုးသဖြင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုများကို အသီးသီး ရှင်းလင်းပြောပြကြသည်။

ထို့နောက် ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးက ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဖျာပုံတစ်မြို့နယ်လုံး၌ နွေစပါးကို ကျေးရွာအုပ်စု ၄၂ စုတွင် စီမံကိန်းဝင် ဧကပေါင်း ၈၆၇၅၄ ဧကထက် ပိုမိုပြီး ဧကပေါင်း ၈၆၈၀၉ ဧကအထိ ပိုမိုစိုက်ပျိုးနိုင်ခဲ့၍ ၅၅ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ရှင်းပြသည်။


ကျိုက်လတ်မြို့နယ် ပန်းဘဲစု စိုက်ပျိုး‌ရေးစခန်း

ဖျာပုံမြို့နယ် ကဇောင်းကျေးရွာမှ ကျိုက်လတ်မြို့နယ်သို့ ခရီးဆက်တော့ မွန်းတည့် ၁၂ နာရီရှိပြီ ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးက ယခင်ကနှင့်မတူ တိုးတက်ပြောင်းလဲနေသည်။ ဖျာပုံနှင့် ကျိုက်လတ်မှာ ၄၅ မိနစ်ခရီးမျှသာဖြစ်သည်။

ကျိုက်လတ်မြို့နယ်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် နွေစပါးစိုက်ခင်းများကို ကားလမ်းဘေး ဝဲယာတစ်လျှောက်တွင် တွေ့ရသည်။ ကျိုက်လတ်မြို့နယ်သည် နွေစပါးစိုက်ပျိုးမှု အားကောင်းသော မြို့နယ်တစ်ခုဖြစ်သည်။ ၂၀၂၃-၂၀၂၄ နွေစပါးစိုက် ရာသီတွင် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၈၇ အုပ်စု နှင့် မြို့မရပ်ကွက် နှစ်ခု၊ စုစုပေါင်း ရပ်ကွက်၊ ကျေးရွအုပ်စု ၈၉ အုပ်စုတွင် နွေစပါးပင်ပျိုများကို တောင်သူ များက အားမာန်အပြည့်ဖြင့် စိုက်ပျိုးထားကြသည်။ တစ်မြို့နယ်လုံး၌ ၁၃၁၀၇၅ ဧက စိုက်ပျိုးနိုင်ခဲ့၍ ယခင်နှစ်ထက် ၁၁၅ ဧက ပိုမို စိုက်ပျိုးနိုင်ခဲ့သည်။

ကျိုက်လတ်မြို့အလွန် ငါးမိနစ်ခန့်မောင်းနှင် ပြီးသောအခါ ကျိုက်လတ်မြို့နယ် မြို့မစိုက်ပျိုးရေး စခန်း ပန်းဘဲစုကျေးရွာသို့ ရောက်ရှိကြသည်။ ပန်းဘဲစုကျေးရွာ မြို့မစိုက်ပျိုးရေးစခန်းတွင် ၁၇ ရက်သားသာရှိသေးသော နွေစပါးစိုက်ခင်းများကို မြင်တွေ့ရသည်။ တစ်ကွင်းတစ်ပြင်လုံး စိမ်းစို လန်းဆန်းကာ အောင်မြင်ရှင်သန်နေကြသည်။

ပန်းဘဲစု မြို့မစိုက်ပျိုးရေးစခန်းမှာ စခန်းကြီးဖြစ်ပြီး စခန်းနယ်မြေတစ်ခုလုံးတွင် ၁၉ အုပ်စု ပါဝင် သည်။ စခန်းနယ်မြေအတွင်း နွေစပါးဧကပေါင်း ၂၄၄၄၇ ဧက စိုက်ပျိုးထားသည်။ ပန်းဘဲစုမြို့မ စိုက်ပျိုးရေးစခန်းတွင် ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဖုန်းနှင့် လက်ထောက်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုအောင်တို့က ကြိုတင်ရောက်ရှိ ဆီးကြိုနှုတ်ဆက်ကာ ကျိုက်လတ်မြို့နယ်၏ နွေစပါးစိုက်ပျိုးပြီးစီးမှုနှင့် ဆောင်းသီးနှံစိုက်ပျိုးမှုများကို ပြောပြကြသည်။

စာရေးသူတို့အဖွဲ့သည် ပန်းဘဲစုမြို့မစခန်းနယ်မြေတွင် ပန်းဘဲစု၊ လှည်းဆိပ်နှင့် တပိန်တမော ကျေးရွာများမှ နွေစပါးစံပြစိုက်တောင်သူ ကိုးဦးတို့နှင့် ထပ်မံတွေ့ဆုံပြီး နွေစပါးစိုက်ပျိုးရေး အကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးရေးအကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအကြောင်း စကားဝိုင်းဖွဲ့ သတင်းစကားဖလှယ်ခဲ့ကြသည်။

ထို့နောက် ကျိုက်လတ်မြို့နယ် ပန်းဘဲစုကျေးရွာမှ  ဖျာပုံမြို့နယ်သို့ အပြန်လမ်းခရီးတွင် ကြုံကြိုက်သဖြင့် လောကမာန်အောင် ဖျာပုံ မြောက်ပိုင်း ဘုရားကြီးနှင့် ဖျာပုံမြို့ပေါ်ရှိ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးတို့အား ဝင်ရောက် ဖူးမြော်ခဲ့ကြသည်။


ဘိုကလေးမြို့နယ်မှ နွေစပါးခင်းများ

ဖျာပုံမြို့နယ်မှ ပြန်ထွက်တော့ မွန်းလွဲ ၂ နာရီ ရှိပြီဖြစ်သည်။ အပြန်လမ်းတွင် စာရေးသူတို့ စီးနင်းလာသော မော်တော်ယာဉ်လေးမှာ အရှိန်လျှော့၍ မောင်းနှင်လာသည်။ အလာခရီးတုန်းက ဖျာပုံမြို့နယ်သို့ ဦးတည်မောင်းနှင်နေသဖြင့် ဘိုကလေးမြို့နယ်မှ နွေစပါးခင်းများကို သတိထားပြီး မကြည့်အားခဲ့ချေ။

ယခုတော့ ကားပေါ်မှနေ၍ ဘိုကလေးမြို့နယ်မှ နွေစပါးစိုက်ခင်းများကို တဝကြီး ကြည့်ရှုခွင့် ရခဲ့သည်။ ဘိုကလေးမြို့နယ်သည် မော်လမြိုင်ကျွန်းမြို့နယ်နှင့် ထိစပ်နေသည်။ ဘိုကလေးမြို့နယ်၌ ယခုနှစ်တွင် နွေစပါး ၁၁၁၉၆၉ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်သည်။ စိုက်ပျိုးသမျှ ရှင်သန်ဖြစ်ထွန်း အောင်မြင်လျက်ရှိသည်။ ကားပေါ်မှ လှမ်းကြည့်လိုက်ရသော နွေစပါးစိုက်ပျိုးပြီးစီးမှု မြင်ကွင်းများမှာ တစ်ကွင်းလုံးတစ်ပြင်လုံး နွေစပါးစိုက်ခင်းများဖြင့် ပြည့်နှက်နေသည်။ အားရစရာကောင်းလိုက်ပါဘိ။

မြန်မာနိုင်ငံသည် ဆန်စပါး အဓိကစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ ဒေသအလိုက် တောင်သူလယ်သမား များမှာ မိုးစပါးအပြင် နွေစပါးကိုလည်း စိုက်ပျိုးကြသည်။ နွေစပါးဧကမှာ စီမံကိန်းသတ်မှတ်ဧကထက် လျော့နည်းသည်မရှိ။ စီမံကိန်းဧကထက် နှစ်စဉ် တိုးတက်စိုက်ပျိုးလျက်ရှိနေကြသည်။

တောင်သူလယ်သမားများအနေဖြင့် နွေစပါး စိုက်ပျိုးလျှင် မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးသုံးစွဲပါ။ သီးနှံဖျက်ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ပါ။ မျိုးကွဲပေါင်းနုတ်ပယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပါ။ စိုက်ပျိုးစနစ် ကောင်းမွန်မှန်ကန်အောင် ဆောင်ရွက်ပါ။ ဤအချက်များကို လိုက်နာဆောင်ရွက်ပါလျှင် နွေစပါးတစ်ဧကအထွက်နှုန်း တိုးတက်ထွက်ရှိလာမည်ဖြစ်ပေသည်။

အထူးပြုတင်ပြရလျှင် ဖျာပုံ၊ ကျိုက်လတ်နှင့် ဘိုကလေးမြို့နယ်တို့သို့ နွေစပါးစိုက်ပျိုးမှု အကြောင်း ကွင်းဆင်းသွားရောက် သတင်းစကား ရယူခဲ့သော ခရီးစဉ်များသည်ကား အောင်မြင်စိုပြည် သောခရီး၊ မင်္ဂလာရှိသော ခရီးစဉ်များပင် ဖြစ်ပေသည်။ ဤသို့ အောင်မြင်ရှင်သန် စိုက်ပျိုးပြီးစီးခဲ့သော ရလဒ်ကောင်းများသည်ကား ဖျာပုံ၊ ကျိုက်လတ်နှင့် ဘိုကလေးမြို့နယ်တို့မှ နွေစပါးတောင်သူများ၏ အားမာန်အပြည့်ဖြင့် ကြိုးပမ်းစိုက်ပျိုးအားထုတ်မှု၏ အောင်ပွဲများသာဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။


မော်ကျွန်းမြင့်အောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)