MNP ၊ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့်ဆောင်ရွက်သည့် လက်ရက်ကန်း ကာလတို တစ်လသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးသင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သင်တန်းသူများအနေဖြင့် ယခုရက်ကန်းကာလတို တစ်လသင်တန်းမှ ပို့ချပေးခဲ့သော နည်းပညာများ၊ ရက်ကန်းစင်များကို အသုံးပြုကာ အဆင့်မြင့်ချည်ထည်များကို ထုတ်လုပ်နိုင်တော့မည် ဖြစ်ပါကြောင်း၊ ဒေသထွက်ကုန်ကြမ်းဖြစ်သော ဝါကိုအခြေခံ၍ ချည်ထည်ကုန်ထုတ်ပစ္စည်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးနှင့် ဒေသတွင်း ထုတ်လုပ်သည့် ချည်ထည်များ ပိုမိုထုတ်လုပ်ပြီး တိုင်းဒေသကြီး ဈေးကွက်ဝင်ချည်ထည်များ One Region One Product ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုတိုးတက်လာခြင်း၊ ချည်ထည်များဈေးကွက်ပိုမိုရရှိခြင်း၊ ဒေသတွင်း ဝတ်ဆင်မှု ဖူလုံစေခြင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တက်လှမ်းနိုင်သည်အထိ ဈေးကွက်ထိုးဖောက်နိုင်ကာ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် ရက်ကန်းသင်တန်းများ ဖွင့်လှစ်ပို့ချပြီး ရက်ကန်းစင်များကို ထောက်ပံ့ပေးပြီးဖြစ်သည့်အတွက် မိမိဒေသတွင်သာမက အခြားရွာများရှိ ရက်ကန်းပညာကို စိတ်ဝင်စားသောသူများကိုလည်း လက်ဆင့်ကမ်း၍ မြန်မာ့ရက်ကန်း လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး မကွေးတိုင်းဒေသကြီး၏ ချည်ထည်လုပ်ငန်းများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်မှ သင်တန်းဖွင့်လှစ်ရသည်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်က ရက်ကန်းစင်ကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က သင်တန်းဆင်းအောင်လက်မှတ်ကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး၊ ဦးမျိုးမြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးတို့က သင်တန်းထွက်ကုန်ချောပစ္စည်းများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးချင်းက အသီးသီး လက်ခံရယူခဲ့သည်။
ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသူများကိုယ်တိုင် ရက်လုပ်ထားသည့် အဝတ်အထည်များအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီးအတွင်းရှိ စလင်းမြို့နယ်နှင့် မင်းလှမြို့နယ်များရှိ ကျေးရွာများမှ သင်တန်းသူ ၁၅ ဦးအား သင်တန်းနည်းပြတစ်ဦးက လက်ရက်ကန်းဖြင့် ဈေးကွက်ဝင်အထည်များထုတ်လုပ်ခြင်း၊ လွန်းပြန်ရက်ကန်းစင် ရက်ခတ်ခြင်း၊ ကြိုးဆွဲရက်ကန်းစင် ရက်ခတ်ခြင်း စသည့်တို့ကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ တစ်လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment