မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



မိတ္ထီလာ မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)ရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာမ ဒေါ်ခင်စန်းတင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလှမ်းများရရှိစေရန်နှင့် စက်ချုပ်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန်၊ ခေတ်မီဆန်းသစ်သော အဝတ်အထည်များ ချုပ်လုပ်နိုင်ရန်နှင့်  ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ပြီး မိသားစုဝင်ငွေ တိုးပွားလာစေရန် အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များဖြင့် စက်ချုပ်လုပ်ငန်းများ ဆောင်ရွက်သွားစေလိုကြောင်း ထို့အပြင် စက်ချုပ်ပညာရပ်များကိုလည်း ဆက်လက် လေ့လာသင်ယူစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် ကျောင်းအုပ်ဆရာမ ဒေါ်ခင်စန်းတင်က သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြ ဒေါ်သီရိနွယ်က သင်တန်းထွက် ကုန်ချောပစ္စည်းများ ပေးအပ်ရာ သင်တန်းသူတစ်ဦးမှ လက်ခံခဲ့သည်။ ယင်းနောက် သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသူ မနန်းအေးမိုးမိုးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ၎င်းသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများက သင်တန်းသားသင်တန်းသူများ ချုပ်ထားသည့် အဝတ်အထည်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ အဆင့်မြင့်စက်ချုပ်သင်တန်းကို အခြေခံစက်ချုပ်သင်တန်းဆင်းများနှင့် စက်ချုပ်ပညာရပ်ကို အခြေခံအဆင့် တက်မြောက်ထားသူ ၁၀ ဦးအား  မတ်လ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်အထိ ရင်ဖုံးအင်္ကျီ၊ ရင်ခံ အင်္ကျီ၊ မြန်မာပွဲတက်ဝတ်စုံ၊ လုံချည် စကတ်တို့ကို စာတွေ့လက်တွေ့  အခမဲ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)