ပူတာအိုမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းပွဲ ကျင်းပ




ပူတာအို မတ် ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပူတာအို)၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက အိမ်တွင်းမှုသင်တန်းကျောင်း (ပူတာအို)အနေဖြင့် သင်တန်း စတင်ဖွင့်လှစ်ခဲ့သည့် ၁၆.၅.၂၀၀၅ မှ ၂၂.၃.၂၀၂၄ ရက်နေ့အထိ သင်တန်းဆင်း အောင်မြင်သူ ပေါင်း (၂၀၉၇)ဦး မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ သင်တန်းဆင်း သင်တန်းသူများအနေဖြင့် သင်တန်းကာလ (၂၂) ပတ် အချိန်အတွင်း သင်ကြားပေးခဲ့သော အတတ်ပညာများကို မိမိကိုယ်စွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် ပေါင်းစပ်ပြီး လက်တွေ့နယ်ပယ်တွင် အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်ကြရန်မှာ ကြားလိုပါကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက သင် တန်းထူးချွန်ဆုရ ပူတာအိုမြို့နယ် ဆထီလော်ကျေးရွာနေ သင်တန်းသူ မညီချယ်ဆာအား လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်က သင်တန်းတွင် ပထမဆုရ ခေါင်လန်ဖူးမြို့နေ သင်တန်းသူ မရဲလီဆာအားလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက သင်တန်းတွင် ဒုတိယဆုရ ပူတာအိုမြို့နယ် နမ်ဟော့ကျေးရွာနေ သင်တန်းသူ မနီနီဇာအားလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်း (ပူတာအို) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးရီက သင်တန်းဆင်း လက်မှတ်များကို သင်တန်း သူတစ်ဦးထံ ပေးအပ်သည်။

ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက သင်တန်းဖွင့်ပေးခြင်းအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနား တက်ရောက်လာသည့် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက သင်တန်းသူများ၏ လက်ရာများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးကြရာ သင်တန်းကျောင်းအုပ်ဆရာမကြီးက လိုက်လံရှင်းလင်းပြသသည်။

အဆိုပါ သင်တန်းသို့ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသူ(၃၀)ဦးတို့အား ၂၃.၁၀.၂၀၂၃ ရက်နေ့မှ ၂၂.၃.၂၀၂၄ ရက်နေ့အထိ  သင်တန်းကာလ ရက်သတ္တပတ် (၂၂) ပတ်ကြာ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း နည်းပြများက အခြေခံ စက်/လက်ချုပ်ရိုး အမျိုးမျိုး၊ မဝတ်ဘလောက်(စ်) (၆)မျိုး၊ ကျားဝတ် (ဟာဝေယံ၊လည်ကတုံးရှပ်အင်္ကျီ)၊ ယူနီဖောင်း အင်္ကျီ/ ဘောင်းဘီ၊ စတိုင်ဘောင်းဘီ၊ တစ်ထပ်ကုတ်၊ ထမိန်စကဒ်/သုံးလွှာစကဒ်၊ အိန္ဒြာကျော်ဇင် ဘလောက်(စ်)၊ သင်ဇာဝင့်ကျော် ဘလောက်(စ်)၊ ရင်ခံအင်္ကျီ၊ ထိုင်မသိမ်းဝတ်စုံ၊ လက်မှုဘာသာရပ်များနှင့် မုန့်လုပ်နည်းများကို သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ထူးချွန်ဆု ရရှိသည့် သင်တန်းသူများကိုလည်း အပ်ချုပ်စက်တစ်စုံ ဆုချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)