မန္တလေး မတ်၂၁
အဋ္ဌမအကြိမ် မန္တလေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်အဖွဲ့ (ဆဋ္ဌ) အစည်းအဝေး အခမ်းအနားကို မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိ(၄)ထပ်ကျောင်းဆောင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး(၂၈)မြို့နယ်အတွင်းမှ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်က အစည်းအဝေးသို့ တက်ရောက်ရာခိုင်နှုန်းကို ဖတ်ကြားလျှောက်ထားကာ အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း လျှောက်ထားပြီးနောက် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က သာသနဿစလောကဿ စသော နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒစရိယ ရမည်သင်းမြို့နယ် ရန်အောင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒောဘာသက ဩဝါဒကထာချီးမြှင့်ပြီးနောက် အစည်းအဝေး၏သဘာပတိ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က သာရဏီယဩဝါဒကထာ မိန့်ကြားတော်မူခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်တို့မှ ဆရာတော် သံဃာတော်များအား လှူဒါန်းသည့် နဝကမ္မအလှူငွေများကို လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများ ကလက်ခံရယူ၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီးနောက် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက်အစည်းအဝေးကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားပြီးနောက် ဇယန္တောဗောဓိယာမူလေ စသောနှစ်ဂါထာကိုရွတ်ဆို၍ အစည်းအဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment