ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေးယူသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေးယူသွားမည်



နေပြည်တော်၊ မတ် ၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယမန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ တွေ့ဆုံသည်။


တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ကြသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေဈေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် ဈေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် ဈေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေဈေး၊ ငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေး ယူသွားမည် ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု အဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်များ အနေဖြင့် လက်ရှိလုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန်လိုအပ်ကြောင်း ဆွေးနွေးသည်။


ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေရောင်းဝယ်ရာ၌ မသမာမှုပြုလုပ်၍ ဈေးကစားမှုများအပေါ် ကြီးကြပ်အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ အမိန့် ထုတ်ပြန်ရာတွင် အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ်သတ်မှတ်နိုင်ရေးအတွက် အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်ရန်လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများအနေဖြင့် ရည်ညွှန်းရွှေဈေးနှုန်းထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူများအားအရေးယူနိုင်မည့်နည်းလမ်းများကို လည်းကောင်း၊ အစည်းအဝေးတက်ရောက်လာသူများက လိုအပ်သည့်အမိန့်များထုတ်ပြန်ရာတွင် ဦးစီးဆောင်ရွက်မည့် ဝန်ကြီးဌာန၊ ဆက်လက်ထိန်းချုပ်ကြီးကြပ် ကွပ်ကဲမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို သေချာစွာစနစ်တကျ ချမှတ်ဆောင်ရွက်သွားရမည့် အခြေအနေများကို လည်းကောင်း ဆွေးနွေးကြသည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ၊ ထုတ်ပြန် ထားသည့်အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြပြီး လက်ရှိဆောင်ရွက်ချက်များ၊ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လိုအပ်သည့်အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်ရန် ဆက်လက်တင်ပြဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးကြသည်။


ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ရွှေဈေးကွက်တည်ငြိမ်ခိုင်မာရေးအတွက်အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့် စပ်လျဉ်း၍ ထုတ်ပြန်ဆောင်ရွက်သင့်သည့် အစီအစဉ်များကိုလည်းကောင်း၊ တရားမဝင် ရောင်းဝယ်သူများကို သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေးယူနိုင် ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအမံများကိုလည်းကောင်း ဆွေးနွေးကြပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)