ပြည် ၊ မတ် ၁၁
ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ပုညကရဏ လေးထပ်ဓမ္မာရုံတော်ကြီး၌ ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က (၁၃) ကြိမ်မြောက် မီးဘေးကာကွယ်စေတတ်သော ဝဋ္ဋသုတ်ပရိတ်တော်ရွတ်ဆိုပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ဦးစွာ ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ ဗုဒ္ဓပဏာမဂါထာတော် သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး ပြည်မြို့ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်၊ ဝဋ္ဋသုတ်စသောပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများထံ အလှည့်ကျဂေါပက ဦးကြင်စိန်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ယင်းလှူဒါန်းမှုနှင့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ပြည်မြို့ရတနာမာန်အောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒ ဆရာတော်ကြီးက အနုမောဒနာတရားချီးမြှင့်တော်မူပြီး ဝေနေယျများအား ရေစက်သွန်းချအမျှပေးဝေကြကာ ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့သည်။
ယင်းနောက် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော် အာရုံခံတန်စောင်းလေးခု၌ ဒေသကွပ်ကဲမှူစစ်ဌာနချုပ် (ပြည်) ဝတ်သင်း၊ ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်သင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝတ်သင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝတ်သင်းတို့က မီးဘေးအန္တရာယ်ကာကွယ်စေတတ်သော ဝဋ္ဋသုတ်ပရိတ်တော်များကို ရွတ်ဖတ်ပူဇော်ကြပြီး အဆိုပါပရိတ်တရားတော်ကို ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်ဝတ်သင်းအဖွဲ့များဖြင့် ယခုလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ သုံးရက်တိုင် ရွတ်ဆိုပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment