ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား စာဆိုဗိမာန်တည်ဆောက်ခြင်းစီမံကိန်း သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား စာဆိုဗိမာန်တည်ဆောက်ခြင်းစီမံကိန်း သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပ



ရန်ကုန်၊ မတ် ၁၉

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့အကြား စာဆိုဗိမာန်တည်ဆောက်ခြင်းစီမံကိန်း သဘောတူညီချက် (Project Agreement) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ LOTTE ဟိုတယ်၌ ကျင်းပသည်။

လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Vinay Kumar နှင့် အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျေးဇူးတင်စကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မာစေ မည့် သမိုင်းမှတ်တမ်းဝင်နေ့တစ်နေ့ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်က စတင်တည်ထောင်လာခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အပြန်အလှန်ချစ်ကြည် ရင်းနှီးစွာဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုဆိုလျှင် နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် သမိုင်းအစဉ်အလာအရ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် နိုင်ငံရေးတို့တွင် ဆက်သွယ်မှုရှိသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြပါကြောင်း။

သံတမန်ဆက်ဆံရေး နှစ် ၇၀ ကျော်ကာလအတွင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများစွာ ဆောင်ရွက်ခဲ့ကြသကဲ့သို့ နှစ်နိုင်ငံ ခေါင်းဆောင်များကလည်း အပြန်အလှန် ချစ်ကြည်ရေးခရီးများ သွားရောက်ခဲ့ကြပါကြောင်း၊ အစိုးရယန္တရားများတွင် များစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ ယနေ့ ရေးထိုးမည့် စာဆိုဗိမာန်ဆိုင်ရာ MoU လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း။

ဤစာဆိုဗိမာန်အဆောက်အဦကို တည်ဆောက်ရသည့်ရည်ရွယ်ချက်မှာ ထူးခြားလှပါကြောင်း၊ မိမိတို့နိုင်ငံ၏ မြန်မာစာပေသမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေး ဆရာများကို အသိအမှတ်ပြု ချီးမြှင့်နိုင်ရန်အတွက် “စာဆိုဗိမာန်” ကို တည်ဆောက်ရခြင်း ဖြစ်ပါကြောင်း။

ဤအဆောက်အဦထဲတွင် မြန်မာစာပေသမိုင်းကို လေ့လာနိုင်မည့် ပေ၊ ပုရပိုက်မှစပြီး စာပေဆိုင်ရာပစ္စည်းများ၊ စာရေးဆရာကြီးများ၏ လက်ရေးမူများ၊ ဓာတ်ပုံနှင့် အတ္ထုပ္ပတ္တိများ၊ ရှားပါးစာအုပ်များ၊ စာပေဆုတံဆိပ်များ၊ ပုံနှိပ်သမိုင်းတွင် ခေတ်အဆက်ဆက် အသုံးပြုခဲ့ပြီး အဆင့်ဆင့် ခေတ်မီပြောင်းလဲလာသည့် ပုံနှိပ်စက်အမျိုးမျိုး၏ ဓာတ်ပုံများစသည့် သမိုင်းဝင်ပစ္စည်းများကို ပြခန်းတစ်ခန်းအနေဖြင့် ဖွင့်လှစ်ပြသမည်ဖြစ်သကဲ့သို့ ဤအဆောက်အဦထဲတွင် စာပေညီလာခံ၊ စာပေနှီးနှောဖလှယ်ပွဲ၊ စာပေဆုပေးပွဲ၊ စာပေဟောပြောပွဲ၊ ရေးသူဖတ်သူ ဆွေးနွေးပွဲ၊ စာအုပ်မိတ်ဆက်ပွဲစသည့် စာပေဆိုင်ရာ အခမ်းအနားများကို လည်း ကျင်းပခွင့်ပြုသွားမည်ဖြစ်ပါကြောင်း။

စာရေးဆရာများ အလွယ်တကူ ရည်ညွှန်းကိုးကားနိုင်မည့် ရည်ညွှန်းကိုးကားစာများကို တစုတစည်းတည်းထားရှိမည့် ခေတ်မီရည်ညွှန်းစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်မည်ဖြစ်သကဲ့သို့ နိုင်ငံတစ်ဝန်းမှ စာရေးဆရာများ၊ စာပေပညာရှင်များအတွက် စာပေဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် ခေတ္တတည်းခိုရာနေရာများကိုလည်း စီစဉ်ထားရှိပေးမည်ဖြစ်ပါကြောင်း။

နိုင်ငံ၏ စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူပြုမည့် ကိစ္စမှန်သမျှ ဆောင်ရွက်ရာတွင် စာဆိုဗိမာန်သည် နိုင်ငံတကာက စာရေးဆရာများနှင့် မြန်မာစာရေးဆရာများ တွေ့ဆုံဆွေးနွေး နိုင်မည့်နေရာတစ်ခုလည်း ဖြစ်သကဲ့သို့ ပြည်တွင်းပြည်ပစာပေပညာရှင်များ၏ စာပေမူပိုင်ခွင့်ကိစ္စများကိုလည်း စာဆိုဗိမာန်တွင် တွေ့ဆုံညှိနှိုင်းနိုင်မည်ဖြစ်ပါကြောင်း။

စာဆိုဗိမာန်ကို စာပေသမားများအတွက် အကျိုးပြုမည့် ရည်ရွယ်ချက်ကောင်းများဖြင့် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ စာပေဆိုင်ရာ ကိစ္စရပ်များစွာကို တစ်နေရာတည်းတွင် ဆောင် ရွက်နိုင်မည့်၊ စာပေဝန်ဆောင်မှုများစွာ ပေးနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော အဆောက်အဦတစ်ခုဖြစ်မည် ဖြစ်ပါကြောင်း။

ယခုလိုမွန်မြတ်သည့်ကိစ္စကြီးကို အိန္ဒိယနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ရမည်ဖြစ်၍ မိမိအနေဖြင့် လွန်စွာဝမ်းမြောက်မိပါကြောင်း။

စာဆိုဗိမာန်၏ အကျိုးကျေးဇူးနှင့် မြန်မာနိုင်ငံသား စာရေးဆရာများ များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံအစိုးရကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း။

ရှေ့ဆက်ပြီးလည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် မိတ်ဆွေ ကောင်း အိမ်နီးချင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။

ပြန်ကြား‌ရေးဝန်ကြီးဌာနသည် ယနေ့လက်မှတ်ရေးထိုးမည့် စာဆိုဗိမာန် တည်ဆောက်ခြင်း စီမံကိန်းသဘောတူညီချက် (Project Agreement) လက်မှတ်ရေးထိုးခြင်းအခမ်းအနားမှသည် ရှေ့ဆက်ဆောင်ရွက်မည့်စီမံကိန်းနှင့် အစီအစဉ်များတွင် မိတ်ဆွေတို့နှင့်အတူ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ပြည်သူများအကြား စာပေ၊ ယဉ်ကျေးမှုနှင့် မီဒီယာကဏ္ဍများတွင်လည်း ဖလှယ်ပေါင်းကူးဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Vinay Kumar က စီမံကိန်းပူးပေါင်းဆောင်ရွက်ခွင့်ရသည့်အတွက် အိန္ဒိယနိုင်ငံအစိုးရကိုယ်စား မုဒိတာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Vinay Kumar တို့၏ ရှေ့မှောက်၌ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်း ကျော်အောင်နှင့် အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယအကြီးအကဲ Mr.Ashish Sharma တို့သည် စာဆိုဗိမာန်တည်ဆောက်ခြင်းစီမံကိန်း သဘောတူညီချက် (Project Agreement) ကို လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရဂုဏ်ပြု လက်ဆောင်များ အပြန်အလှန်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အိန္ဒိယသံအမတ်ကြီးနှင့် တက်ရောက်လာကြသူများအား ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)