မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ စားမေးပွဲကြီးကြပ်ရေးမှူးဆရာဆရာမများနှင့်တွေ့ဆုံမှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ စားမေးပွဲကြီးကြပ်ရေးမှူးဆရာဆရာမများနှင့်တွေ့ဆုံမှာကြား



MNP  ၊ချမ်းအေးသာစံ မတ် ၆

မန္တလေးတိုင်းဒေသကြီး ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ စာမေးပွဲကြီးကြပ်ရေးမှူးဆရာဆရာမများနှင့် တွေ့ဆုံမှာကြားခြင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် မတ်လ(၅)ရက် နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေး၊ ကျောင်းထွက်နှုန်းနည်းပါးစေရေး၊ လူတိုင်းအကျုံးဝင်ပညာရေးဖြစ်သည့် မည်သည့်ခွဲခြားမှုမှမရှိဘဲ တန်းတူပညာသင်ယူခွင့်ရရှိရေးနှင့် ပညာရေးအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်အတွက် နိုင်ငံတော်က မူဝါဒများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ စနစ်သစ်ပညာရေးအပြောင်းအလဲနှင့်အညီ  ၂၁ ရာစုကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှု၊ အဆင့်မြင့်စဉ်းစားတွေးခေါ်မှု ဆိုင်ရာကျွမ်းကျင်မှု၊ ဗလငါးတန်ဖွံ့ဖြိုးမှုများနှင့် ပြည့်စုံသူများပေါ်ထွန်းလာအောင် သင်ကြား/သင်ယူမှု(၅)ရပ်နှင့်အညီ သင်ကြားသင်ယူခဲ့ကြပြီးဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှစတင် ကျင်းပမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် အောင်မြင်ပြီးစီးစွာကျင်းပနိုင်ရေး အားလုံးကစွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်စာမေးပွဲသည် ပထမဦးဆုံးသော သင်ရိုးသစ်ဖြင့် သင်ကြားသော အခြေခံပညာ၏အမြင့်ဆုံးအတန်းစာမေးပွဲဖြစ်ပါကြောင်း၊ စနစ်သစ်ဘာသာတွဲ (၄)မျိုးဖြင့်သာ စတင်ဖြေဆိုခွင့်ပြုသည့်စာမေးပွဲဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားပြီးဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့အေးချမ်းစွာ စာမေးပွဲကိုဖြေဆိုနိုင်ရန် အလေးထားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲနှင့်ပတ်သက်၍ စာမေးပွဲမဖြေဆိုမီ၊ ဖြေဆိုနေစဉ်၊ ဖြေဆိုပြီးကာလများတွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လေးစားလိုက်နာကာ အထူးကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြရန်လိုအပ်ပါကြောင်းနှင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဂရုစိုက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာဖြေဌာန(၇၄)ခုမှ စာမေးပွဲကြီးကြပ်ရေးမှူးဆရာဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၃၇)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ဝင်ရောက်ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူအရေအတွက်၊ စာစစ်ဌာနများဖွင့်လှစ်ထားရှိမှု၊ အကြောင်းအမျိုးမျိုး ကြောင့်ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက စာမေးပွဲဖြေဆိုခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာရင်းများလက်ခံဆောင်ရွက်ပေးနေမှု၊ စာမေးပွဲဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသူများအား ရင်းနှီးစွာနှုတ်ဆက်အားပေးခဲ့သည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ စတင်၍ မတ်လ ၁၉ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းစာစစ်ဌာန (၇၄)ခု ဖွင့်လှစ်ထားကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ဘာသာတွဲအလိုက်ဖြေဆိုသူဦးရေ မတ်လ ၅ရက်အထိ စာရင်းများအရ မန္တလေးတိုင်းဒေသကြီးအတွင်း လျှောက်ထားသူ(၁၉၉၄၇)ဦး၊ အကြောင်းအမျိုးမျိုးကြောင့် အခြားဒေသများမှ မန္တလေးတိုင်းဒေသကြီးတွင် ဝင်ရောက်ဖြေဆိုမည့် လျှောက်ထားသူ(၂၄၉)ဦး စုစုပေါင်း (၂၀၁၉၆)ဦး ရှိကြောင်း သတင်းရရှိသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)