ရန်ကုန်၊ မတ် ၁၉
မြန်မာ - ရုရှား နှစ်နိုင်ငံပြည်သူများ ချစ်ခင်ရင်းနှီးမှုနှင့် ကူးလူးဖလှယ်ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်လာစေရေး မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ MI Channel ညွှန်ကြားရေးမှူး ဒေါ်လိန်းမောင်းပန်နှင့် အဖွဲ့၊ The Global New Light of Myanmar သတင်းစာ မှ အထွေထွေမန်နေဂျာ ဦးဝင်းဇော်ဌေး၊ စာတည်းမှူးချုပ် ဦးအောင်သူရနှင့်အဖွဲ့၊ ရုရှားနိုင်ငံ ITAR-TASS သတင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ မီခေးလ်း ဂက်စ်မန်း ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ သတင်းဖလှယ်မှု၊ အပြန်အလှန်သွားရောက် လေ့လာမှု၊ သင်တန်းများ ဖွင့်လှစ် လေ့လာမှု၊ ဂီတအနုပညာဖလှယ်မှု၊ နိုင်ငံတော် သံစုံတီးဝိုင်း လေ့ကျင့်ရေးနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ နှစ်ဖက်ပြုစု၍ လက်မှတ်ရေးထိုးနိုင်ရန်နှင့် လာမည့်စက်တင်ဘာလအတွင်း ITAR – TASS သတင်းဌာန နှစ် ၁၂၀ ပြည့်အခမ်းအနားသို့ မြန်မာမီဒီယာအဖွဲ့အား ဖိတ်ကြားလိုမှု တို့ကို ဆွေးနွေးကြသည်။
#News

No comments:
Post a Comment