ကိုကျော်စိုးဦး သည် ပုန်ကန်သူမဟုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုကျော်စိုးဦး သည် ပုန်ကန်သူမဟုတ်


လက်တလောအခြေအနေအားဖြင့် ကိုကျော်စိုးဦး ခေါ်ယူစစ်ဆေးခံနေရခြင်းကြောင့် မိသားစုဝင်များ၊ မိတ်ဆွေများ၊ ကိုကျော်စိုးဦး ပရိတ်သတ်များ စိတ်အေးချမ်းသာဖြစ်စေရန်အတွက်သာ စိတ်ဖြေစာများ ကျွန်တော့်အနေဖြင့် ရေးသားပေးနေခြင်း သဘောဖြစ်ပါ။ ကိုကျော်စိုးဦးအတွက် စိတ်သောက ရောက်ရခြင်း မဖြစ်စေရန်နှင့် စိုးရိမ်ရသည့်အခြေအနေ မဟုတ်ကြောင်း သိစေလိုခြင်းဖြစ်သည်။

ကိုကျော်စိုးဦးနှင့် ကျွန်တော် မီဒီယာနယ်ပယ်ထဲကို ဝင်ရောက်ခဲ့သည့် ကာလအားဖြင့် သိပ်မကွာလှ။ ကျွန်တော်က ၂၀၁၀ မှစ၍ မီဒီယာနယ်ပယ်ထဲကို ရောက်သည်။ ကျွန်တော်သည် သတင်းသမားအနေဖြင့် ဝင်ရောက်ခဲ့ခြင်း မဟုတ်။ လူငယ် ဆောင်းပါးရှင်တစ်ဦး အနေဖြင့်သာ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှသာ သတင်းပိုင်းကို လိုက်ပါ လုပ်ဆောင်ခြင်းဖြစ်သည်။ ကိုကျော်စိုးဦး မီဒီယာနယ်ပယ်ထဲကို ၂၀၁၁ အကုန်၊ ၂၀၁၂ အစောပိုင်းလောက်တွင် ဝင်ရောက်ခဲ့သည်ကို ပြောပြဖူးသည်။

သူနှင့် ကျွန်တော်ဆက်စပ်နေသည်က ကျွန်တော်သည် Hot News ဂျာနယ်တိုက်တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး Hot News ဂျာနယ်မှ အယ်ဒီတာများဖြစ်ကြသည့် ကိုကျော်စွာ၊ ကိုအံ့ခေါင်မင်းတို့ ဦးဆောင်သော မြန်မာသံတော်ဆင့်ဂျာနယ်တွင် ကိုကျော်စိုးဦးက ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အခြားသော ဂျာနယ်တိုက်များတွင်လည်း သူလုပ်ခဲ့ရဖူးသည်။ နောက်ပိုင်းမှသာ သူကိုယ်တိုင် ဦးဆောင်၍ People Media ဟူ၍ ရပ်တည်ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

ကျွန်တော်က မီဒီယာလောကထဲ ဝင်ရောက်တာ သူ့ထက်စောပေမယ့် သူ့လောက် လုပ်သက်မရှည်ဟု ပြောနိုင်သည်။ Hot News ဂျာနယ်တိုက်တွင် ၁နှစ်ကျော်ကျော်သာ လုပ်ကိုင်ပြီး အခြားသော ဂျာနယ်တိုက်များတွင်လည်း ခဏတဖြုတ် ကျွန်တော် ဝင်လုပ်ခဲ့ဖူးသည်။ နောက်ပိုင်း ကျွန်တော်က လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် ပတ်သက်၍ ဖော်ထုတ်ရေးသားခြင်းကိုသာ စိတ်အားထက်သန်ဖြစ်ပြီး ဂျာနယ်တိုက်မှထွက်၍ ဦးနေမျိုးဝေ၊ ကိုအောင်မျိုးဦးတို့နဲ့အတူ လယ်ယာမြေပြဿနာများကို လိုက်ပါဖော်ထုတ် ရေးသားခဲ့ဖူးသည်။ ရခိုင်ပြည်နယ်မှ ပဋိပက္ခများပေါ်ပေါက်လာသောအခါ ကျွန်တော်က အမျိုးသားရေးဆရာတော်များ၏ ဦးဆောင်မှုနောက်တွင် အမျိုးသားရေးထဲ ပါခဲ့ပြန်သည်။ ထောင်က ထွက်လာမှ မီဒီယာနယ်ပယ်တွင် ပြန်ရပ်တည်သည်။

ကျွန်တော် မီဒီယာနယ်ပယ်ထဲ ပြန်လည်ရပ်တည်ချိန်တွင် People Media က Digital Platform များ ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နေနိုင်ပြီဖြစ်သည်။ ကိုကျော်စိုးဦး နှင့် ကျွန်တော် ရင်းရင်းနှီးနှီး ဖြစ်လာသည်က လက်ရှိ နစကအစိုးရလက်ထက်တွင် ဖြစ်သည်။ 

ထိုသို့သတင်းစာရှင်းလင်းပွဲများ တက်နေရင်းက သူလည်း ရန်ကုန်တွင် ရပ်တည်ရန်မလွယ်၊ ကျွန်တော်လည်း ထိုနည်းတူစွာ ဖြစ်လာသည်။ ဒလန်၊ ဘောမ ခေါင်းစဉ်တပ်၍ နီပိန်းများက ဝေဝေဆာဆာ ဖြန့်ဝေနေကြပြီ။ နီပိန်းများ၏ အမုန်းဒဏ်ကို အံတု၍ ယုတ်မာရိုင်းစိုင်းလာသော နီပိန်းများ၏ လုပ်ရပ်များကိုသာ ကျွန်တော်တို့ အစဉ်သဖြင့် ထောက်ပြ ရပ်တည်ခဲ့ကြသည်။ သူက နေပြည်တော်ကို ရုံးပြောင်းမည်ဖြစ်ကြောင်း ကျွန်တော့်ကိုလည်း တပါတည်း ပြောင်းစေချင်ကြောင်း ပြောသည်။ ကျွန်တော့်မှာ ပြောင်းရွှေ့နိုင်ခြင်းမရှိသေးပေ။ သူပြောင်းလာခဲ့သည်။ ကျွန်တော့်အနေဖြင့်လည်း ကလေးကျောင်းတက်ရမည့်အချိန်တွင် ရန်ကုန်တွင် သွားလာဆောင်ရွက်ရ အဆင်မပြေသဖြင့် ကျွန်တော်လည်း နေပြည်တော်ကို ပြောင်းရွှေ့ခဲ့ရသည်။

ကိုကျော်စိုးဦးတို့ လင်မယားက ကားလေးဖြင့် ညနေဘက်ဆို ရောက်လာတတ်သည်။ ဖြစ်ပေါ်နေသည့် အကြမ်းဖက်လှုပ်ရှားမှု အခြေအနေများကို ပြောကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အကြမ်းဖက်ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုကြသည်။ တခါတရံ ကျွန်တော်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများအတွက် ဆန္ဒထွက်ပြရန် သူ့ကို တိုင်ပင်သည်။ ထိုသို့ လုပ်မည်ဆိုလျင် သူတွန့်သွားသည်။ ကျွန်တော် နေပြည်တော်တွင် ဆန္ဒပြသည့်အခါ သူမလာ၊ သူ့ရုံးမှ အခြားတစ်ယောက်ကိုသာ သူလွှတ်သည်။ 

ကျွန်တော့်ကို ကိုကျော်စိုးဦးက "ခင်ဗျားထောင်ထဲ ထပ်ရောက်ချင်လို့လား၊ ခင်ဗျားသွားချင်ရင် သွား၊ ကျုပ်တော့ မလိုက်ဘူး" ဟု သတိပေးလေ့ ရှိသည်။

နောက်ပိုင်း သူ၏ ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ကျွန်တော် သူ့ကို ဘရိတ်အုပ်ပါသည်။ "ခင်ဗျား နည်းနည်းလျှော့ပြောနော်။ ခင်ဗျားကို ကျုပ်သတိပေးနေတာ" ဟု ပြောဖြစ်ပါသည်။ သူက "ကျွန်တော် ပြောတာတွေက မဟုတ်လို့လား" ဟု သူ ခွန်းတုန့် ပြန်လေ့ရှိသည်။ သူသည် နစ်နာသူများအတွက် ရှေးရှုပြောဆိုသည်။ တာဝန်ရှိသူများက နိုင်ငံသားကောင်းများကို တန်ဖိုးထားစေချင်သော ဆန္ဒရှိသည်။

တကယ်တော့ သူသည် သတင်းသမားတစ်ယောက်အဖြစ်သာ ရပ်တည်လိုသူ၊ ကျွန်တော့်သဘောက သတင်းသမားပုံစုံသတ်သတ် မရပ်တည်လို။ ပြည်သူတစ်ယောက်အနေဖြင့် လုပ်သင့် လုပ်ထိုက်သည်ကို လုပ်လိုင်ချင်သည်။ အကြမ်းဖက်သမားများကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံး၊ မိသားစုဝင်များ တကွဲတပြားဖြစ်နေရသည့် ကိစ္စများ တာဝန်ရှိသူများကို ဆန္ဒပြဖို့ အထိ ကျွန်တော် စီစဉ်ခဲ့ဖူးသည်။ ကျွန်တော်၏ သဘောအရ တာဝန်ရှိသူများ ကို နိုင်ငံရေး အငုံစိတ်က ပုန်ကန်လိုစိတ် ရှိသည်။ ကိုယ့်မိသားစု အခြေအနေကို ပြန်လည်တွက်ဆနေရခြင်းကြောင့်လည်း စိတ်သွားတိုင်း ကိုယ်မပါ။

အမှန်စင်စစ် ကိုကျော်စိုးဦး သည် ထိုသို့ ပုန်ကန်လိုစိတ်၊ တော်လှန်လိုစိတ်မရှိ။ အစိုးရနှင့် ပြည်သူ၊ အကြီးအကဲများနှင့် အောက်လက်ငယ်သားများ တသားတည်း ရှိသော အစိုးရတစ်ရပ်အဖြစ် မြင်တွေ့လိုသည်။ အကြမ်းဖက်ဘေးအန္တရာယ်များကို နှိမ်နင်းနေရသည့် တပ်ဖွဲ့ဝင်များအတွက် တာဝန်ရှိသူ (စီမံသူများက) လိုအပ်သည်များကို အချိန်နှင့် တပြေးညီ ကူညီပံ့ပိုးပေးစေလိုသည်။ ထိုသို့ လုပ်ဆောင်သင့်သည်ကို သူအခါအားလျော်စွာ တင်ပြသည်။ အကြမ်းဖက်နှိမ်နင်းရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူများကို အထူးအားဖြင့် ဂုဏ်ပြုပြောဆိုသည်။ တာဝန်ရှိသူများ၏ ပံ့ပိုးမှု အားနည်းသည့်အခြေအနေများကိုလည်း သုံးသပ်ပြောဆိုလေ့ ရှိသည်။ သို့သော် ကရုဏာဒေါသော သူ့စကားလုံးတွေမှာ နားဝင်မချိုသော စကားလုံးများကြောင့်သာ . . . . .

(မှတ်ချက် - ယခုကဲ့သို့ ရေးသားဖော်ပြခြင်းသည် ကိုကျော်စိုးဦး ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ တာဝန်ရှိသူများ အထင်အမြင် မလွဲစေရန်အတွက်နှင့် ကိုကျော်စိုးဦး ၏ ပရိတ်သတ်များအတွက် စိတ်ဖြေနိုင်ရန်အတွက်သာ ဖြစ်ပါသည်။)


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)