MNP ၊ချမ်းအေးသာစံ မတ် ၆
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မဟာအောင်မြေမြို့နယ်ရှိ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး၊ မစိုးရိမ်တိုက်သစ်ဓမ္မဂါရဝကျောင်း၌ မတ်လ(၅)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ) မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း၊ နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ၊ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်) အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၏ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တထုတိဝရ အမှူးပြု၍ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ အဖွဲ့ဝင်ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ) မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း၊ နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသက အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပရေးကိစ္စနှင့်စပ်လျဉ်း၍ ဩဝါဒကထာချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာမေးပွဲကျင်းပရေးနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
၎င်းနောက် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပရေးကိစ္စနှင့်ပတ်သက်၍ ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အထွေထွေဆွေးနွေးကြကာ လျာထားချက်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ) မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း နာယကဆရာတော်က နိဂုံးချုပ်ဩဝါဒကထာချီးမြှင့်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ စတင်ကျင်းပမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း စာဖြေဌာန(၁၀)ခု ဖွင့်လှစ်ထား၍ စာဖြေသံဃာပါရာဇိကဏ်ဘာသာရပ်တွင် (၃၁၀၁)ပါး၊ သီလက္ခန်ဘာသာရပ်တွင် (၂၉၇၆)ပါး၊ ဓမ္မသင်္ဂဏီဘာသာရပ်တွင် (၂၃၇၁)ပါး၊ မြန်မာဂုဏ်ထူးတွင် (၃၆၃)ပါးနှင့် ပါဠိဂုဏ်ထူးတွင်(၁၀၇)ပါး၊ ပါဠိပထမပြန် (ကြီး၊လတ်၊ငယ်၊မူ)တန်းစာမေးပွဲကို ဧပြီလ ၃ရက် နေ့မှ စတင်ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်း (၂၈)မြို့နယ်တို့တွင် စာဖြေဌာနများ ဖွင့်လှစ်ထား၍ စာဖြေသံဃာပထမကြီးတန်းတွင် (၁၆၅၁)ပါး၊ ပထမလတ်တန်းတွင် (၁၆၅၈)ပါး၊ ပထမငယ်တန်းတွင် (၂၄၉၆)ပါးနှင့် အခြေပြုမူလတန်းတွင်(၄၇၅၀)ပါး စုစုပေါင်း(၁၀၅၅၅)ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment