ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲအား မြန်မာနိုင်ငံမှမီဒီယာအဖွဲ့ သွားရောက်လေ့လာသတင်းယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲအား မြန်မာနိုင်ငံမှမီဒီယာအဖွဲ့ သွားရောက်လေ့လာသတင်းယူ




နေပြည်တော်၊ မတ် ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံ President of the Civic Chamber of the Russian Federation ၏ဖိတ်ကြားမှုအရ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်း၏ စီစဉ်ပေးမှုဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိကျင်းပသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား သတင်းမှတ်တမ်းရယူရိုက်ကူးရန်နှင့် ရုရှားနိုင်ငံအတွင်း မီဒီယာပိုင်းဆိုင်ရာ ပူးပေါင်းလေ့လာရေးများ ဆောင်ရွက်ရန်အတွက် မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက်ခဲ့ကြသည်။

အဆိုပါ မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲစည်းကမ်းထိန်းသိမ်းရေးဌာနချုပ်သို့ သွားရောက်၍ ရွေးကောက်ပွဲ မဲပေးမှုအခြေအနေအား ကြီးကြပ်ကွပ်ကဲနေမှုများအား လေ့လာရိုက်ကူးမှတ်တမ်းတင်ခြင်း၊ ရှရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ဒူးမားလွှတ်တော်မှဥက္ကဋ္ဌဖြစ်သူ Mr. Alexsey Valerievich Shaposhnikov နှင့် တွေ့ဆုံမေးမြန်းခြင်း၊ ရွေးကောက်ပွဲစည်းကမ်းထိန်းသိမ်းရေးဌာနချုပ်အတွင်း အွန်လိုင်းမဲပေးစနစ်နှင့် မဲပေးနေမှုများအား စောင့်ကြည့်ထိန်းသိမ်းထားမှု၊ မော်စကိုမြို့အတွင်း မဲပေးလျက်ရှိသော မဲရုံများအား စောင့်ကြည့်နေမှု၊ အီလက်ထရောနစ် စနစ်နှင့် မဲပေးသည့်စက်များနှင့် မဲပေးပုံနည်းစနစ်များလေ့လာခြင်း၊ မော်စကိုမြို့အတွင်းရှိ မဲရုံအမှတ်(၄၁၀)နှင့် (၄၀၂)တို့တွင် ဒေသခံပြည်သူများကိုယ်တိုင် မဲပေးသည့်စနစ်နှင့် မဲပေးနေမှုများအား သွားရောက်ကြည့်ရှုလေ့လာ၍ မဲရုံများမှ တာဝန်ရှိသူများနှင့် လာရောက်မဲပေးကြသူများအား တွေ့ဆုံမေးမြန်းခြင်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာသူများအား တွေ့ဆုံမေးမြန်းခြင်း၊ ဒူးမားအထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-ool နှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်မှ ၁၇ ရက်ထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတလောင်း ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒသမ ၃၁ ရာခိုင်နှုန်း၊ Vladislav Andreevich Davankov က ၃ ဒသမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutsky က ၃ ဒသမ ၂၀ ရာခိုင်နှုန်း အသီးသီးရရှိကြောင်းနှင့် Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလာဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတအဖြစ် နောက်ထပ် ၅ နှစ်သက်တမ်းကို ဆက်လက်ထမ်းဆောင်ခွင့် ရရှိသွားကြောင်း သိရှိရသည်။

မြန်မာမီဒီယာအဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတရွေးကောက်ပွဲအား ယခုကဲ့သို့ သွားရောက်လေ့လာခဲ့ရသောကြောင့် ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံ နည်းစနစ်များ၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှု နည်းလမ်းများ၊ ရွေးကောက်ပွဲတွင် နည်းပညာအသုံးပြုဆောင်ရွက်နေမှုများ၊ သတင်းမီဒီယာနှင့် မီဒီယာကဏ္ဍများကို လေ့လာသိရှိနိုင်မည့်အပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာသူများအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခွင့်များ၊ အတွေ့အကြုံမျှဝေခွင့်များ ရရှိခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)