မုံရွာ မတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂၀၂၄)အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခို ရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အခုလိုလစဉ်အစည်းအဝေးများပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းများအား လေ့လာသုံးသပ်ကြည့်သည့်အခါ စစ်ကိုင်းခရီးသွားဇုန်သည် ပြည်တွင်းခရီးသွားနှင့် နိုင်ငံခြားသားပြည်ပဧည့်သည်များပါ အဆက်မပြတ်ဝင်ရောက်သည်ကို တွေ့ရှိရသည့်အတွက် အဆင်ပြေအချောမွေ့ဆုံးအအောင်မြင်ဆုံး ခရီးသွားဇုန်တစ်ခုဖြစ်ပါကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ လိုင်စင်ရရှိပြီး ဟိုတယ်၊ တည်းခို ရိပ်သာများအားလုံး ဖွင့်လှစ်ထားနိုင်သကဲ့သို့ လုပ်ငန်းလိုင်စင်အသစ်အတွက် လျှောက်ထားလာသည်ကိုလည်း တွေ့ရပါကြောင်း၊ လျှောက်ထားလာသည့် လိုင်စင်များအတွက် လိုအပ်ချက်များအား လွယ်ကူချောမောအောင် ဟိုတယ်ခရီးနှင့်ထောက်ခံရမည့် ဌာနဆိုင်ရာများအနေဖြင့် အမြန်ကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့်လည်း ဟိုတယ်၊ တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှုကောင်းမွန်ရေး၊ ခရီးစဉ်ဒေသအလိုက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးကာ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်းများဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဘုရားဖူးခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့် အခြားခရီးသွားလုပ်ငန်းအမျိုးအစားများစွာ ဖော်ဆောင်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်းခရီးသွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထည့်ဆောင်ရွက်နေသကဲ့သို့ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက်လည်း ဈေးကွက်မြှင့်တင်ကြော်ငြာခြင်း လုပ်ငန်းများအား အွန်လိုင်းမီဒီယာများမှတစ်ဆင့် ကျယ်ပြန့်စွာဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ တည်းခိုနေထိုင်ရေးတို့အတွက် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာများမှလုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၂/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်းကျင်များတွင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး အခြေအနေများနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment