(၂၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum) ကျင်းပ


နေပြည်တော်၊ မတ် ၂၄

(၂၉)ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ မွေးမြူရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ မွေးမြူရေးသုတေသနပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေးပညာဌာနမှပါမောက္ခ၊ ဆရာမများ၊ နေပြည်တော်ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သုတေသီများ၊ ပညာရှင်များ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးချောင်း၊ ရွေးစုနှင့် ဗိုလ်မင်းရောင်ကျေးရွာများမှ ကျေးရွာအတွင်းရှိ တောင်သူများ တက်ရောက်၍ “စပါး-ဘဲ၊ စပါး-ကြက် ပေါင်းစည်းစိုက်ပျိုးမွေးမြူခြင်းနှင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူခြင်းစနစ်များ(Farming System) အကြောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ယခုကဲ့သို့ တောင်သူနည်းပညာဆွေးနွေးပွဲများ၊ အသိပညာနှင့် အတွေ့အကြုံနှီးနှောဖလှယ်ပွဲများ ကျင်းပပေးခြင်းသည် နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ပေးနိုင်ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြသည့် တောင်သူများအားလုံးက မိမိကိုယ်မိမိ လယ်ယာစီးပွားလုပ်ငန်းရှင်များအဖြစ် ခံယူနှလုံးသွင်းကြိုးပမ်းနိုင်ကြစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ကွက်ငယ်လယ်သမားများ၏ ဝင်ငွေနှင့် စီးပွားရေးတိုးတက်လာစေရန် သီးနှံစိုက်ပျိုးရေးတစ်ခုတည်း လုပ်ကိုင်၍မရနိုင်ဘဲ မွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနပညာရှင်များ၊ စိုက်ပျိုးပညာပေးရေးဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေးပညာဌာနမှ ကထိက ဒေါ်သက်မွန်ပိုင်က မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးစနစ်များ၊ စားကျက်သီးနှံ အခြေခံနွားမွေးမြူရေးနည်းစနစ်များ၊ ဒေသအချို့၏ စိုက်ပျိုးမွေးမြူစနစ်ခွဲခြမ်းလေ့လာခြင်း၊ သီးနှံအကြွင်းအကျန်များမှ တန်ဖိုးမြှင့်တိရစ္ဆာန်အစာပြုလုပ်ခြင်း၊ စားကျက်သီးနှံစိုက်ပျိုးစနစ်များ၊ စားကျက်သီးနှံ ရိတ်သိမ်းနည်းစနစ်များ၊ တိရစ္ဆာန်အစာထိန်းသိမ်းခြင်းနည်းစနစ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားသည့် သုတေသနရလဒ်များကိုလည်းကောင်း၊ မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသီသီဝင်းနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါ်ခင်မြတ်သူတို့က စပါးနှင့်ဘဲ၊ စပါးနှင့်ကြက်တွဲဖက်မွေးမြူခြင်းနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)