ရန်ကုန် မတ် ၂၂
ပညာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် National ICT Awards 2023 (Educational Project & Skills Competition) ဆုချီးမြှင့်ပွဲနှင့် ပရောဂျက်များ ခင်းကျင်းပြသပွဲ အခမ်းအနားကိုယမန်နေ့နံနက် ၉ နာရီတွင် Conference Hall, MICT Park ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာ၀န်ကြီးဦးဌေးအောင်၊ ပညာရေး၀န်ကြီးဌာနမှတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှတာ၀န်ရှိသူများ၊ အကဲဖြတ်ဒိုင်များနှင့်ဆုရပြိုင်ပွဲဝင်များတက်ရောက်ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက အမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌကိုယ်စား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူးနှင့် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက်တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် National ICT Awards 2023 (Educational Project and Skills Competition) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ပြီးပြိုင်ပွဲ၀င်များအတွက် ထပ်ဆောင်းချီးမြှင့်ငွေ ၃၅ သိန်းပေးအပ်ချီးမြှင့်ကာ ခင်းကျင်းပြသထားသော ဆုရပရောဂျက်များနှင့် ကုမ္ပဏီပြခန်းများကိုလှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် လူ့စွမ်းအားအရင်းအမြစ်ကော်မတီဥက္ကဋ္ဌဦးငြိမ်းဦးက National ICT Awards ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်လီလီအောင်က ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် National ICT Awards 2023 (Educational Project and Skills Competition) ပြိုင်ပွဲတွင်ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများနှင့် National ICT Awards 2023 ပြိုင်ပွဲ ဆုရွေးချယ်ရေးအတွက်အကဲဖြတ်ပေးခဲ့ကြသည့်ပညာရှင်များ၊ ပြိုင်ပွဲနှင့်ဆုပေးပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးသူများအား ဂုဏ်ပြုလက်မှတ်များကိုမြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာ၀န်ရှိများနှင့်ပညာရေး၀န်ကြီးဌာနမှ တာ၀န်ရှိသူများက ချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် National ICT Awards 2023 ပြိုင်ပွဲ အထက်တန်းအဆင့် ပထမဆုရ ကျောင်းသူ တစ်ဦးမှ ဆုရရှိသူများကိုယ်စားကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
အောင်မြင့်
https://t.me/MyanmarNationalPost

No comments:
Post a Comment