တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော်၊ ဧပြီ ၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရနှင့် တက်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းကျင်းပသည့် တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့် စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်းအနားကို  ယမန်နေ့က နေပြည်တော်ရှိ MGallery Hotel ဧရာဝတီခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ ဒေါက်တာမျိုးသန့်နှင့်ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ တရုတ်ကွန်မြူနစ်ပါတီ တက်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ အတွင်းရေးမှူးမစ္စတာ ကျန်းစန်း၊ တက်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးနှင့် တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီကုမ္ပဏီများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီကုမ္ပဏီများဖြစ်ကြသည့် Hou Gu ကုမ္ပဏီ လီမိတက်၊ Yun Cha Wu ကုမ္ပဏီလီမိတက်၊ Hei Rou ကုမ္ပဏီလီမိတက်နှင့် Yi Nuo Chun ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိ သူများက ကုမ္ပဏီများအလိုက်ကော်ဖီများနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို မိတ်ဆက်ပြသ သည်။

ထို့နောက် တရုတ်ကွန်မြူနစ်ပါတီ တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူးက တက်ဟုန်ကော်ဖီနှင့် စိုက်ပျိုးရေး ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ကော်ဖီကိုကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးနှင့်ကော်ဖီ အဓိကတင်ပို့ရောင်းချသည့် နိုင်ငံဖြစ်လာစေရန်ရည်ရွယ်၍ ကော်ဖီတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီဗဟိုအဖွဲ့ကို ၂၀၂၂ ခုနှစ် မေ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာ့ကော်ဖီကိုကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး၊ အဓိကပို့ကုန် တစ်ခုအဖြစ် တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံအတွင်း ကော်ဖီတိုးချဲ့စိုက်ပျိုးရာတွင် ကော်ဖီတန်ဖိုး ကွင်းဆက်လုပ်ငန်းများ ဖွံ့ဖြိုးမှုရရှိစေရေးတို့အတွက် အရှိန်အဟုန်မြှင့် အထောက်အကူပြုဆောင်ရွက်နိုင်ရန် မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းအဖွဲ့(Myan- mar Coffee Export Promotion Task Force) ကို မိမိတို့ဝန်ကြီးဌာနက ဦးဆောင်ပြီးဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံကော်ဖီအသင်းတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် Road Map နှင့် Action Plan တို့ ရေးဆွဲရန်၊ ကော်ဖီကဏ္ဍအတွက် အာဆီယံနိုင်ငံများသို့ လေ့လာရေး သွားရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ ကော်ဖီဈေးကွက်ဖွံ့ဖြိုးရေးကုန်စည်ဒိုင်တစ်ခု တည်ထောင်ဖွင့်လှစ်ရေးစီမံချက် ရေးဆွဲအဆိုပြုရန်နှင့် ကော်ဖီပို့ကုန်တိုးတက်ရေး လုပ်ငန်းအဖွဲ့အနေဖြင့် ကော်ဖီဗဟိုအဖွဲ့အား အထောက်အကူပြုရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ တရုတ်နိုင်ငံ၏ ကော်ဖီ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဒေသဖြစ်ပြီး နိုင်ငံ၏ကော်ဖီစိုက်ပျိုးမှု၏ ၉၅ ရာခိုင်နှုန်း ရှိသည်ဟု သိရပါကြောင်း၊ ယူနန်ပြည်နယ်၏ကော်ဖီထွက်သည့် ဒေသများတွင် တစ်ခုအပါအဝင် ဖြစ်သည့် တက်ဟုန်ပြည်နယ်ခွဲ တွင် ယခင်ကကုန်းနိမ့်ကော်ဖီကို စိုက်ပျိုးသော်လည်း ယခုအခါ ကုန်းမြင့်ကော်ဖီကိုသာ အများဆုံး စိုက်ပျိုးနေသည်ဟုသိရှိရပါကြောင်း၊ ကော်ဖီထွက်သည့် ဒေသဖြစ်သောကြောင့် မြန်မာ့ကော်ဖီလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံကော်ဖီအသင်း၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများနှင့် နည်းပညာ မျှဝေခြင်း၊ အသိပညာပေးဝေခြင်း အစီအစဉ်များပူးပေါင်းဆောင်ရွက်ရန်လည်း ဖိတ်ခေါ်ပါကြောင်း။

ယနေ့ကျင်းပသည့် မိတ်ဆက်ပြပွဲတွင် တက်ဟုန်ကော်ဖီကုမ္ပဏီရှစ်ခုမှ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ အသင့်ဖျော်ကော်ဖီ၊ လက်ဖက်ခြောက်တို့ကို အဓိကပြသထား သည်ကို တွေ့ရှိရပါကြောင်း၊ တက်ဟုန်ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံမှ ပုဂ္ဂလိကအသင်း အဖွဲ့များနှင့်ပူးပေါင်း၍ ယခုကဲ့သို့ ကော်ဖီအပါအဝင် ပြပွဲများလာရောက်ပြသနိုင်ရန် ဖိတ်ခေါ်ပါကြောင်း၊ မြန်မာကော်ဖီလုပ်ငန်းရှင်များနှင့် ညီနောင်လုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း တရုတ်နိုင်ငံ၏ကော်ဖီအပါအဝင် ကုန်သွယ်မှုကဏ္ဍအသီးသီး၏စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့မှုစသည့် တန်ဖိုးကွင်းဆက်ကိုလေ့လာပြီး နှစ်နိုင်ငံအကြား အလားအလာရှိသည့် ကဏ္ဍများတွင် ကုန်သွယ်မှုပိုမိုတိုးတက်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တက်ဟုန်ပြည်နယ်အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့လာရောက်ပြီး ကော်ဖီမိတ်ဆက်ပွဲ ကျင်းပကာတက်ဟုန်ကော်ဖီ လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံကော်ဖီအသင်းတို့အကြား တွေ့ဆုံဆွေးနွေးခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က မြန်မာနိုင်ငံအတွင်း မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်နေမှုနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တက်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရနှင့် တက်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများကို ညစာဖြင့်တည်ခင်းဧည့်ခံသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)