မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေး တိုးတက်အောင် ဝန်ထမ်းများအနေဖြင့် မိမိ၏ ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေး တိုးတက်အောင် ဝန်ထမ်းများအနေဖြင့် မိမိ၏ ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှာကြား



နေပြည်တော်၊ ဧပြီ ၉

ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံရုံးယာယီတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးမှ တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၉-၄-၂၀၂၄ ရက်၊ (၁၀ ၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်း ဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအစီအစဉ်အရ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် သံရုံးယာယီတာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများက ၎င်းတို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကိုတစ်ဦးချင်းစီအနေဖြင့် မိတ်ဆက်တင်ပြကြသည်။

ထိုသို့တင်ပြမှုများပြီးနောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အမှာစကားပြောကြားရာတွင် ပြည်ပသို့သွားရောက် တာဝန်ထမ်းဆောင် ကြမည့် အရာထမ်း၊ အမှုထမ်းများအားလုံးအတွက် ဝမ်းမြောက်ပါကြောင်း ဂုဏ်ပြုစကားပြော ကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်ကို ကိုယ်စားပြုပြီး သွားရောက် တာဝန်ထမ်းဆောင်ခြင်းဖြစ်၍ ဂုဏ်ယူရမှာ ဖြစ်ပါကြောင်း၊ မိမိနိုင်ငံ၏ အားသာချက်၊ အားနည်းချက်များကို မှန်မှန်ကန်ကန် သိရှိရန် လိုအပ်သကဲ့သို့ သွားရောက်တာဝန်ထမ်းဆောင် မည့် နိုင်ငံအကြောင်းကိုလည်း သိရှိထားရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှာ ဖြစ်ပေါ် ပြောင်းလဲနေမှုများကို မျက်ခြေမပျက် စောင့်ကြည့် နေရမှာဖြစ်ပြီး ပြောင်းလဲမှုအပေါ် မူတည်ပြီး လိုက်လျောညီထွေအောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေး တိုးတက်အောင် ဝန်ထမ်းများအနေဖြင့် မိမိ၏ ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ သံတမန်တစ်ဦးအနေဖြင့် အနည်းဆုံး ဘာသာစကားနှစ်မျိုး တတ်မြောက်ထားရမှာဖြစ်ပြီး သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ ဘာသာစကားကိုလည်း တတ်နိုင်သမျှ ကြိုးစားလေ့လာသင်ယူစေလိုပါကြောင်း၊ သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး (Diplomatic Characteristic) များကို မြင့်မားအောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှု Loyalty ဖြစ်ပါကြောင်း၊ သံတမန်များအနေဖြင့် Communication Skill ၊ Language Skill ၊  Negotiation Skill အရည်အသွေးများကို အစဉ် လေ့ကျင့်၍ လေ့လာဆည်းပူးနေကြရန်နှင့် မျှော်မြင်စဉ်းစားချင့်ချိန်နိုင်သည့် Strategic Thinking ၊ သတ္တိနှင့် ယုံကြည်မှု (Courage and Confidence) တို့ ရှိရန်လည်း အရေးကြီးပါကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ သံတမန်များသည် ကြီးမားသောပြဿနာများကို အနည်းဆုံးအင်အားဖြင့် ရင်ဆိုင်ဖြေရှင်းကြ ရသူများဖြစ်သည့် အတွက် သတ္တိနှင့်ယုံကြည်မှုမရှိလျှင် အောင်မြင်မှုမရနိုင်ပါကြောင်း၊ မိမိ၏ အပြုအမူ၊ အနေအထိုင်၊ အသွားအလာများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည့်အတွက် သိက္ခာ၊ သမာဓိရှိရန်နှင့် မိမိကိုယ် မိမိယုံကြည်မှုရှိမှသာ အခြားသံတမန်များကို ဆွဲဆောင်စည်းရုံးနိုင်မည် ဖြစ်ပါကြောင်း၊ တာဝန် ထမ်းဆောင်ရာတွင် လုပ်သင့်သည်ကို လုပ်ရန်နှင့် မလုပ်သင့်သည်ကို မလုပ်ရန် (Do and Don’t) များကို သိရှိလိုက်နာဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ရာထူးအဆင့်အပေါ်မူတည်ပြီး Duty and Function အတိုင်း တာဝန်ထမ်းဆောင်မှာ ဖြစ်သော်လည်း Collective Effort ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သူတစ်ပါးအကျိုးကို ပျက်စီးစေပြီးမှ မိမိအကျိုး ဖြစ်စေမည့်ကိစ္စရပ်များ မလုပ်မိစေရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်လည်း မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်များကို  အောင်မြင်စွာဖြင့်  ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


#News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)