ပဲခူး ၊ ဧပြီ ၂၇
ပဲခူးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသည့် နွေရာသီလူငယ်ကင်းထောက်သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များမှ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာမှ သင်တန်းသား/သူများအား တွေ့ဆုံ၍ အမျိုးသမီးရေးရာအဖွဲ့မှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မိုးသူဇာကျော်က သင်တန်းတက်ရောက်ရခြင်းကြောင့် ရရှိလာမည့် အကျိူးကျေးဇူးများအားလည်းကောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်မြင့်မြင့်သန်းမှ ကျောင်းသား/သူ လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်ကို အကျိုးရှိစေရန် ဖွင့်လှစ်ပေးသည့် လူငယ်သင်တန်းကို စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကြက်ခြေနီအသင်းမှ ကျောင်းသား/သူ သင်တန်းသားများအား အသက်ကယ်နည်းလက်တွေ့ သရုပ်ပြသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/သူ သင်တန်းသားများနှင့် ဆရာ/ဆရာမများအတွက် ခေါက်ဆွဲကြော်များ ပေးဝေခဲ့ကြသည့်အပြင် ခရိုင်/မြို့နယ် အဖွဲ့ဝင်များမှလည်း ကျောင်းသား/သူများအတွက် အအေးဗူးများ ပေးဝေခဲ့ကြကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment