စီမံခန့်ခွဲမှုဆောင်ရွက်သူများအနေဖြင့် ဥပဒေကိုနားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီမံခန့်ခွဲမှုဆောင်ရွက်သူများအနေဖြင့် ဥပဒေကိုနားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန်လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား









နေပြည်တော်၊ ဧပြီ  ၂၉

ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း LEGEL ADVOCACY CENTER (LAC) ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီ အဖွဲ့ဝင်များ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။


ဦးစွာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း LEGAL ADVOCACY CENTER (LAC) ကိုစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အခမ်းအနားတက်ရောက်လာကြသူများသည် သင်တန်းကျောင်း ကမ္ဗည်းမော်ကွန်း အား အမွေးနံ့သာရည်များပက်ဖျန်းပေးသည်။


ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် အဆောက်အအုံသစ်နှင့်စပ်လျဉ်းသည့် Video Clip ကိုကြည့်ရှု ကြ ပြီး အဆောက်အအုံနှင့်သက်ဆိုင်သည့် လွှဲပြောင်းမှတ်တမ်းစာအုပ်ကို ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥပဒေရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ထံလွှဲပြောင်းပေးအပ်သည်။


၎င်းနောက် ဥပဒေရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ  ဂါရဝပြုပေးအပ်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည့်အရာတစ်ခုဖြစ်သည့်အပြင် မိမိတို့နိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများမဖြစ်မနေသိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက် တစ်ရပ် လည်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန် အရပ်ရပ်ကိုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ စတင်တာဝန်ယူဆောင်ရွက်သည့် အချိန်မှစပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွား မြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝတိုးတက်ဖြစ်ထွန်းစေရေး တို့အတွက် မူဝါဒများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ခေတ်စနစ်နှင့် လျော်ညီစေမည့်ဥပဒေများ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်း ခြင်း၊ အစားထိုးဖြည့်စွက်ခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။


ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံတော်၏ရှေ့ဆက်ရမည့် လုပ်ငန်းများတွင် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက် ပေးလျက်ရှိသည့် ဝန်ကြီးဌာနဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော် ၏ တရားဥပ‌ဒေစိုးမိုးရေးအတွက် ပြည်သူများအကြား ဥပဒေအသိပညာပြန့်ပွားရေးကို ရည်ရွယ်ပြီး ဥပဒေဝန်ဆောင်မှုလုပ်ငန်းများကို ပုံသဏ္ဍာန်မျိုးစုံဖြင့် အကောင်အထည် ဖော်ပေးရခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center)သည် ဥပဒေ အသိပညာ များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်မည့် နေရာတစ်ခုအဖြစ် ပေါ်ပေါက်လာမည် ဖြစ်သဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် နိုင်ငံတော်အတွက် အကျိုးရှိမည့် နေရာတစ်ခုဖြစ်သည်ဟုလည်း ဆိုရမည်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကိုနိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လူတိုင်းလူတိုင်း ဥပဒေပညာရှင် မဖြစ်နိုင်သော်လည်း ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုဘဝ မြှင့်တင်မှုများတွင် အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အခြေခံ လိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ဥပဒေအသိပညာရှိကြရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှုဆောင်ရွက်သူများ အနေဖြင့် ဥပဒေကိုနားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့လုပ်ကိုင်ဆောင်ရွက်မှုများသည် အမှားအယွင်းနှင့် အပြစ်ကင်းစင်ပြီး အကျိုးရှိမှန်ကန် ထိရောက်သည့် လုပ်ရပ်များနှင့်နိုင်ငံနှင့်ပြည်သူအတွက် ကောင်းကျိုး ရလဒ်များကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် အသီးသီးတွင် ဝိဇ္ဇာ(ဥပဒေ)ပညာဘွဲ့ B.A(Law) ပညာသင်ကြားနေပြီး အဓိကကျသည့် တက္ကသိုလ်များတွင် ဥပဒေဘွဲ့(LLB) ပညာသင်ကြားပေးနေကြောင်း၊ ယခုထက်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မှ မွေးထုတ်ပေးလိုက်သည့် ဥပဒေပညာရှင်များသည် နိုင်ငံတကာတွင် ရင်ဆိုင်ယှဉ်ပြိုင် နိုင်သည့် အကျော်ဇေယျများဖြစ်သည်အထိ လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း။


နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို ဆောင်ရွက်ကြရာတွင် ဂုဏ်သိက္ခာရှိရှိဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရည်အချင်းပြည့်မီသည့် ဥပဒေအရာရှိများ ကို ခန့်အပ်တာဝန်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ယခုဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်းကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများအတွက် လုပ်ငန်းခွင်လက်တွေ့ လုပ်ငန်းများကို ပိုမိုလေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း၊ ဥပဒေအသိ ပညာပြန့်ပွားစေရေးကို ဆောင်ရွက်ပေးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရား မျှတမှုဖော်ဆောင်ရေးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အပြင် အဂတိလိုက်စားမှုကင်းစင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သည့် အကျိုးကျေးဇူးကို လည်း ရရှိနိုင်မည်ဖြစ်ကြောင်း။


ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းစဉ်များကိုယခုထက် ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်ကောင်းမွန်သည့် နည်း ဗျူဟာများချမှတ်ဆောင်ရွက်ရန်နှင့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်း တွင် တက်ရောက်လေ့လာသင်ယူကြမည့် နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေပညာဖြင့် အသက် မွေးဝမ်းကျောင်းပြုကြသူများအတွက် ဥပဒေပညာရပ်များ ရှာမှီးနိုင်သည့် ဗဟုသုတ ဗိမာန်ကြီးတစ်ခုအဖြစ် ရေရှည်တည်တံ့အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုကြောင်း။


ယခုဖွင့်လှစ်သည့် သင်တန်းကျောင်းကြီးသည် ဥပဒေရေးရာဝန်ကြီးဌာန၏ အောင်မြင်မှုသမိုင်းမှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်း များအတွက် အောင်မြင်တိုးတက်မှု ပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း၊ ဆက်လက်၍ လည်း ပိုမိုကောင်းမွန်သည့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများကို တိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်းဖြင့် ပြောကြားသည်။


ယင်းနောက်  ဥပဒေရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦး က ဥပဒေရေးရာကိစ္စရပ်များ ဆောင်ရွက်လျက်ရှိမှု၊ ဥပဒေအသိပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ယခုကဲ့သို့ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်းဖွင့်လှစ် ခြင်းဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းများကို ပိုမိုဖွင့်လှစ်သင်ကြားနိုင်မည် ဖြစ်သောကြောင့် ဥပဒေအသိပညာပြန့်ပွားပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် အထောက်အကူပြုမည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရ နှင့်သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အခမ်းအနားတက်ရောက်လာကြသူများသည် သင်တန်းကျောင်းအတွင်းလှည့်လည် ကြည့်ရှုခဲ့ကြကြောင်းသတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)