နေပြည်တော်၊ ဧပြီ ၃
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၂၁)ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာကို ဧပြီလ ၂ ရက်နှင့် ယနေ့တို့တွင် တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိ သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်ကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုများက နန်းမြို့အတွင်းရှိ နန်းဦးဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား လှည့်လည်ပူဇော်ကြပြီး နန်းမြို့ ကျုံးတစ်ပတ်နှင့် မြနန်းစံကျော် ရွှေနန်းတော်ကြီးသို့ပတ်၍ ရှင်လောင်းလှည့်လည်ခြင်းများနှင့် ရန်အောင်မြင်ခန်းမတွင် ရဟန်းလောင်း (၆၆) ပါး၊ ရှင်သာမဏေလောင်း (၆၄)ပါးနှင့် သီလရှင်လောင်း(၇) ပါး၊ စုစုပေါင်း (၁၃၇) ပါး တို့အား ဆံချမင်္ဂလာ ပြုလုပ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ မော်ကွန်းထိန်း ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမုဒ အမှူးပြုသော သံဃာတော် များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်း များနှင့် သီလရှင်လောင်းများအား သင်္ကန်းစီးပေး၍ သာသနာ့ ဘောင်သို့ သွပ်သွင်းချီးမြှင့် ပေးကြသည်။
ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး နန်းဦးဆုတောင်းပြည့်စေတီတော်မြတ်ကြီးရှိ နန်းမြို့ ဆုတောင်း ပြည့်သိမ်၌ သိမ်ထွက်ရဟန်းသံဃာ(၁၆၂)ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သိမ်ဆွမ်းများ လောင်းလှူကြသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရန်အောင်မြင်ခန်းမတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုး တော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် များ ရွက်ပွားချီမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ကေသရထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
#News
No comments:
Post a Comment