ကချင်ပြည်နယ်ဝန်ကြီးချုပ် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် (မူလတန်းအဆင့်/အလယ်တန်း အဆင့်) ဆရာအတတ်ပညာရက်တိုသင်တန်းဖွင့်ပွဲ၊ စုပေါင်းရုံးအတွင်း ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက်နှင့် UID နံပါတ်များထုတ်ပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် (မူလတန်းအဆင့်/အလယ်တန်း အဆင့်) ဆရာအတတ်ပညာရက်တိုသင်တန်းဖွင့်ပွဲ၊ စုပေါင်းရုံးအတွင်း ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက်နှင့် UID နံပါတ်များထုတ်ပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


မြစ်ကြီးနား   ၊  ဧပြီ  ၂၅

ကချင်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိက (သို့မဟုတ်) ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများအတွက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်က ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ်၊ ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် (မူလတန်းအဆင့်/ အလယ်တန်းအဆင့်) Certificate for Private Teacher (Primary and Lower Secondary Levels) ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖြင့် ပြည့်စုံပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာစေရန် နိုင်ငံတော်က အထူးအလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ မှန်ကန်သည့်ခံယူချက်၊ ယုံကြည်ချက်နှင့် ကျွမ်းကျင်သည့် သင်ကြားမှုအရည်အသွေးများသည် ကျောင်းသား/ ကျောင်းသူများ၏ စာပေပညာနားလည် တတ်ကျွမ်းမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားမည့် ဆရာ၊ ဆရာမများကိုလည်း ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်ကတ်ရရှိပြီးမှသာ သင်ကြားခွင့်ပြုပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့သင်တန်းမှ သင်ကြားနည်းစနစ် အတွေ့အကြုံများကို မိမိတို့၏ ကျောင်းများတွင် မိဘ၊ ဆရာ၊ ကျောင်းသား ဟန်ချက်ညီအောင် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် သင်ကြားရေးလုပ်ငန်းများတွင် ဘက်စုံထူးချွန်သည့် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွက်လာအောင် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း မှာကြားသည်။

ထို့နောက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဥမ္မာမြင့်က သင်တန်းဆိုင်ရာ အချက်အလက်များ၊ သင်တန်းပို့ချသွားမည့် သင်ရိုးနည်းစနစ်အသစ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်တွင် (၂၃.၄.၂၀၂၄) ရက်နေ့မှ (၁၈.၅.၂၀၂၄) ရက်နေ့အထိ ပြည်နယ်အတွင်းရှိ ပုဂ္ဂလိက (သို့မဟုတ်) ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ (၁၂၆)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားသွားမည့် သင်တန်းအတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၀) ကို ပြည်နယ်ပညာရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ (၁) နာရီတွင် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးသို့ သွားရောက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူး ဦးသန့်ဇင်ကိုကို၊ တာဝန်ရှိသူများနှင့်အတူ နိုင်ငံသားမှတ်ပုံတင်လာရောက်လျှောက်ထားသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ဝန်ထမ်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ ထို့အပြင် ဒေသခံပြည်သူများအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) စာရင်းကောက်ယူ ခြင်းနှင့် UID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းများ၊ e-ID စနစ်ဖြင့် နိုင်-၄ တွင် ရိုက်သွင်းထားသည့် ကိုယ်ရေးအချက်အလက်များအား နိုင်ငံသားမှတ်ပုံတင်မှ ကွန်ပျူတာစနစ်ဖြင့် တိုက်ဆိုင်စိစစ်ရိုက် သွင်းခြင်း လုပ်ငန်းများအား စိစစ်တိုက်ဆိုင်ရေးသွင်းနေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့အတူ စုပေါင်းရုံးအတွင်း ဒေသခံပြည်သူများအတွက် One Stop Service ဖြင့် ဝန်ဆောင်မှုပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)