မုံရွာ ၊ မေ ၁၈
စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့(စာပေးစာယူ) ဒုတိယနှစ် (အပတ်စဉ်-၂၃) သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ပါမောက္ခဌာနမှူးများ၊ ဆရာ/မများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေတာဖြစ်သည့်အတွက် ဆရာ/ဆရာများအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအား ပြုစုပျိုးထောင်သည့်နေရာတွင် အဓိကကျပါကြောင်း၊ ဆရာ/ဆရာမများသည် ကျောင်းသား၊ကျောင်းသူများ၏ ဒုတိယမိဘများဖြစ်ပြီး တပည့်များအား မိမိတို့၏သား၊ သမီးအရင်းပမာ သဘောထားကာ ပညာအားကြိုးစားသင်ယူလိုစိတ်ရှိအောင် အသိပညာဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံချစ်စိတ်ရှိအောင် သွန်သင်ဆုံးမပေးသွားကြရန် လိုအပ်ပါကြောင်း၊ ဆရာ/ဆရာမများ သင်တန်းတက်ရောက်သည့်ကာလသည် ရာသီဥတုပူပြင်းသည့်အတွက် ကျန်းမာရေး၊ အသွားအလာ၊ အနေအထိုင်၊ အစားအသောက်တို့အား သတိပြုကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား/သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်ကြီးရှိ ဂေါပကအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဂေါပကအဖွဲ့များနှင့်တွေ့ဆုံရာ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စေတီတော်ကြီးအား ရှေးမူမပျက်ထိန်းသိမ်းထားရှိမှု၊ ဘုရားဖူးလာရောက်မှုနှင့်တည်းခိုနိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်နိုင်ရန် လျှပ်စစ်မီးနှင့်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဆောင်ရွက်မည့်အစီအစဉ်နှင့် စေတီတော်ကြီးပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသပ်ရပ်ရန် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ ဂေါပကအဖွဲ့ဝင်များ၏တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင်စေတီတော်ကြီးသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ညအိပ်ဖူးမြော်နိုင်ရန်အတွက် တည်းခိုဆောင်များနှင့် စားသောက်ခန်းများ တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စူဠာမဏိကောင်းမှုတော်စေတီတော်ကြီးသို့ ရောက်ရှိရာ ဂေါပကအဖွဲ့ရုံးခန်းတွင် ဂေါပကအဖွဲ့များနှင့်တွေ့ဆုံရာ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စေတီတော်ကြီးအား ထိန်းသိမ်းစောင့်ရှောက်နေမှုများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂေါပကအဖွဲ့များ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် စူဠာမဏိကောင်းမှုတော်စေတီတော်ကြီးအား ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲနိုင်ရန် တပ်ဆင်ထားသည့် ဆိုလာအချပ်ရေ ၉၆ ချပ်ဖြင့် ၅၀ ကီလိုဝပ် ထွက်ရှိသည့် ဆိုလာတပ်ဆင်ပြီးစီးမှုနှင့် စေတီတော်ကြီးပတ်ဝန်းကျင် ဆိုလာလျှပ်စစ်မီးများဖြင့် ပူဇော်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment