သုတေသနနှင့် နည်းပညာများကို တောင်သူများ လက်တွေ့အကျိုးရှိစွာအသုံးချနိုင်ရေး လုပ်ဆောင်ပေးရန် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

သုတေသနနှင့် နည်းပညာများကို တောင်သူများ လက်တွေ့အကျိုးရှိစွာအသုံးချနိုင်ရေး လုပ်ဆောင်ပေးရန် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မှာကြား



နေပြည်တော်၊ မေ ၁၆

သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၄-၅-၂၀၂၄ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်သုတေသီများ၊ တိုင်းဒေသကြီး/ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူးများ၊ အထူးဖိတ်ကြားထားသော အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက လယ်ယာထုတ်ကုန်များ အပြည့်အဝထုတ်လုပ်နိုင်စေရန်၊ ထုတ်လုပ် သည့် သီးနှံများ အရည်အသွေးပြည့်ဝကောင်းမွန် စေရန်၊ စိုက်ပျိုးသူတောင်သူလယ်သမားများ ဝင်ငွေ တိုးတက်စေရန် မိမိတို့စိုက်ပျိုးရေးပညာရှင်များတွင် အဓိကတာဝန်ရှိနေကြောင်း၊ ဖော်ထုတ်တွေ့ရှိ ထားကြသည့် သုတေသနနှင့် နည်းပညာများကို တောင်သူများ လက်တွေ့အကျိုးရှိစွာအသုံးချနိုင်ရေးကို ထိထိမိမိလုပ်ဆောင်ပေးနိုင်မှသာ အချိန်နှင့်ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံပြီး စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများ ကြိုးကြိုးစားစား အားထုတ်ရ ကျိုးနပ်မည်ဖြစ်၍ နည်းပညာပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်သည့် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတို့ ဆက်နွှယ်ပေါင်းစပ်ပြီး ပိုမိုတိုးတက်အောင် လုပ်ဆောင်ကြစေလိုကြောင်း။


စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး တောင်သူလယ်သမားများအတွက် သီးနှံမျိုးသစ်များ မွေးမြူထုတ်လုပ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များထုတ်လုပ်ပွားများပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများဖော်ထုတ်ပေးခြင်း၊ စိုက်ပျိုးသူ တောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရ သည့် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲ၊ ပြဿနာများ ဖြေရှင်းပေးခြင်း အစရှိသည့် သုတေသနလုပ်ငန်းတာဝန်များကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။


အလားတူ သီးနှံနှင့်စိုက်ပျိုးမြေကိုက်ညီမှုရှိစေရေး၊ စိုက်ပျိုးမြေများတွင် ပါဝင်နေသည့် မြေဆီဩဇာနှင့် ထည့်သွင်းပေးရမည့် မြေဆီအာဟာရ မှန်ကန်စေရေး၊ သွင်းအားစုစရိတ်လျှော့ချနိုင်ရေးနှင့် မြေဆီလွှာကျန်းမာရေးအတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာ မျှတစွာအသုံးပြုနိုင်ရေး၊ သီးနှံအလိုက် မြေပြင်ထွန်ယက်ခြင်းနှင့် စိုက်ပျိုးရေ စီမံခန့်ခွဲမှုနည်းပညာ စသည့်သီးနှံများစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ရေးနှင့် ပန်းတိုင်အထွက် ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းပညာ အဓိကအချက်လေးချက်ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေး ကြိုးပမ်းလျက်ရှိရာတွင် တောင်သူ များနှင့် ထိတွေ့ဆက်ဆံနေရသည့် စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများအနေဖြင့် တောင်သူလယ်သမားများ၏ အခက်အခဲနှင့်စိန်ခေါ်မှုများ၊ အခွင့်အလမ်းများ၊ အခြေခံလိုအပ်ချက်များကို ပိုမိုသိရှိနားလည်နိုင်အောင် ဆောင်ရွက်ရန်နှင့် ၎င်းတို့အတွက် ဖြည့်ဆည်းပေးရမည့် လုပ်ငန်းများကို စိုက်ပျိုးရေး ပညာရှင်များ၊ သုတေသီများထံ ရောက်ရှိအောင် ပို့ဆောင်အဖြေရှာနိုင်ရေး တစ်ပါတည်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း သုတေသနတွေ့ရှိချက်များကို တောင်သူများထံရောက်ရှိစေရန် ဆောင်ရွက်ထား ရှိမှုနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှု၊ ၁၀ နှစ်တာကာလအတွင်း သုတေသနရန်ပုံငွေရရှိမှု၊ သုတေသန အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုနှင့် လုပ်ငန်းဆောင်ရွက်မှုများ အပေါ် သုံးသပ်တင်ပြသည်။


ဆက်လက်၍ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များက သုတေသနဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး မှာကြားကြသည်။


စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် သုတေသနဌာနခွဲကိုးခု၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဒေသသုတေသန ဗဟိုဌာနခြောက်ခု၊ သီးနှံသုတေသနဗဟိုဌာနလေးခု၊ သုတေသနဌာနစု ၃၃ ခု၊ သုတေသနခြံ ၁၈ ခုနှင့် သုတေသနစခန်း သုံးခုတို့ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သုတေသနစီမံကိန်း ၈၀၂ ခုဆောင်ရွက်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သုတေသနစီမံကိန်း ၇၀၇ ခု လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)