မုံရွာမြို့ ဘုရားကြီးရပ်ကွက် ကမ်းနားလမ်း ရွှေမိုးကုန်စုံဆိုင် ဓားပြတိုက်သူကို နာရီပိုင်းအတွင်းဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့ ဘုရားကြီးရပ်ကွက် ကမ်းနားလမ်း ရွှေမိုးကုန်စုံဆိုင် ဓားပြတိုက်သူကို နာရီပိုင်းအတွင်းဖမ်းမိ


မုံရွာ၊ မေ ၂၀

မုံရွာမြို့ ဘုရားကြီးရပ်ကွက် ကမ်းနားလမ်းနေ ရွှေမိုးကုန်စုံဆိုင်ပိုင်ရှင်အား ဓားဖြင့်ထောက်၍ ဓားပြတိုက်သူကို မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်းအဖွဲ့တို့က နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ဓားပြတိုက်ယူဆောင်သွားသောငွေများ ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။

 ဖြစ်စဉ်မှာ မေ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်တွင် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသိန်းထွန်း၊ ဒုရဲမှူးစောမင်းသိန်းနှင့် ပူးပေါင်းအဖွဲ့တို့သည် မုံရွာမြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက် နေစဉ်မုံရွာမြို့ဘုရားကြီးရပ်ကွက် ကမ်းနားလမ်းနေ ရွှေမိုးကုန်စုံဆိုင်ပိုင်ရှင် ဦးဌေးဝင်းက ၎င်း၏နေအိမ်ဆိုင်အတွင်းသို့ ဒုတိယထပ် ပြတင်းပေါက်မှတစ်ဆင့် အသက် ၃၀ ခန့် အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ၎င်းနှင့်ဇနီးဖြစ်သူတို့ကို ဓားထောက်၍ ငွေကျပ်သိန်း ၃၀ ကို ခြိမ်းခြောက် ယူဆောင်သွားကြောင်း နယ်ထိန်းအရာရှိရဲအုပ် စိုးမင်းပိုင်ထံသို့ ဖုန်းဆက်သတင်းပို့ရာ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသိန်းထွန်း ဦးစီးပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ပြစ်မှုကျူးလွန်သူများ ထွက်ပြေးတိမ်းရှောင်နိုင်သည့် လမ်းကြောင်းများကိုဖြန့်ခွဲ၍ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ရေကူးကန်လမ်းအတိုင်း အနောက်မှအရှေ့သို့ မသင်္ကာဖွယ်လူနှစ်ဦးဆိုင်ကယ်ကို နှစ်ယောက်စီး၍ မောင်းနှင်သွားကြောင်း သတင်းရရှိသဖြင့် ပူးပေါင်းအဖွဲ့က လိုက်လံပိတ်ဆို့ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေနေစဉ် နံနက် ၆ နာရီခွဲခန့်တွင် ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်း ဓမ္မရံသီဘုန်းကြီးကျောင်းအနီး၌ မသင်္ကာဖွယ်ဆိုင်ကယ်တစ်စီး နှစ်ယောက်စီးနင်းလာသည်ကို စစ်ဆေးစဉ် ၎င်းတို့ထံမှဓားပြတိုက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၃၀ အနက်မှ ငွေကျပ် ၂၇ သိန်း ရှစ်သောင်းနှင့်အတူ စိုးလွင်ဦး(ခ)နန်းဝေဖြိုး(ခ)ရန်နိုင်စိုး အသက် (၃၂) နှစ် မုံရွာမြို့နယ် ဘော်ကယ်ကျေးရွာနေသူနှင့်အတူ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးသူမောင်မောင်ဦး (၃၇) နှစ် မုံရွာမြို့ လယ်တီရပ်ကွက်နေသူတို့ကို ဖမ်းဆီးရမိခဲ့သည်။

စိုးလွင်ဦး(ခ)နန်းဝေဖြိုး(ခ)ရန်နိုင်စိုးသည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်က မုံရွာမြို့ ဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ SAMSUNG ဖုန်း အရောင်းဆိုင်အတွင်းမှ ဖုန်းမျိုးစုံ ၁၇ လုံးနှင့် ဆက်စပ်ပစ္စည်းများ Laptop တစ်လုံး စုစုပေါင်းတန်ဖိုးငွေကျပ် ၇၇၁၄၂၀၀၀ တို့ကို ခိုးယူခဲ့ဖူးသဖြင့် မုံရွာမြို့မရဲစခန်း (ပ)၂၅၃/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုမှ တရားခံပြေးဖြင့် အမှုဖွင့်လှစ်ခံထားရသူတစ်ဦးဖြစ်ကြောင်း ထပ်မံစစ်ဆေးသိရှိရသဖြင့် မုံရွာမြို့မရဲစခန်းက အမှုဖွင့်လှစ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။    


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)