အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကျင်းပ




မြစ်ကြီးနား  ၊  မေ  ၁၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲတွင် မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာအခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းအဖွဲ့အစည်းများမှ (၅၈၀) ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြားရာတွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို လက်ခံကျင်းပခြင်းအားဖြင့် ပြည်နယ်အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များနှင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်နိုင်သည့်ကိစ္စရပ်များကိုသိရှိနားလည်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့်အကြောင်း အရာများကို ရှောင်ကြဉ် လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတူ ပြည်သူများကို ဝန်ဆောင်မှုပေးရာ၌ အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးခြင်းအားဖြင့် ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများ၏ ပုံရိပ်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ သို့မှသာ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော်တည်ဆောက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် အဂတိလိုက်စားမှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်  ကမ္ဘာလုံးဆိုင်ရာ သဘောတူညီသည့် ဖွင့်ဆိုချက် ဟူ၍မရှိဘဲ နိုင်ငံအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်း သတ်မှတ်ချက်များအရ အဓိပ္ပာယ်ဖွင့်ဆိုကြပါကြောင်း၊ အဂတိလိုက်စားမှုသည် ကိုယ်ကျင့် တရား ပျက်ယွင်းခြင်းပင်ဖြစ်ပြီး “လာဘ်ပေးလာဘ်ယူမှု” အပြင် ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိမိသားစုနှင့် ဆွေမျိုးကောင်းစားရေး ဝါဒအသုံးပြုခြင်း၊ မိမိနှင့်နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒရှိခြင်းတို့သည်လည်း အဂတိ လိုက်စားမှုမြောက်သည့်အပြုအမူများ ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ရည်ရွယ်ချက်ဖြစ်သည့် အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့်တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန် အသိပညာပေးကဏ္ဍနှင့် တားဆီးကာကွယ်ရေးကဏ္ဍတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူခံရပါက စွပ်စွဲခံရသည့်ပုဂ္ဂိုလ်၊ ဌာနနှင့် နိုင်ငံ၏ဂုဏ်သိက္ခာ ထိခိုက်စေသည့်အပြင် နိုင်ငံတော်မှ လေ့ကျင့်ပျိုးထောင်ထား သည့်အတွေ့အကြုံရှိသူများ ပြုန်းတီးသဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ထိခိုက်စေပါကြောင်း၊ သို့ဖြစ်ပါ၍ အစိုးရဌာနများဖြစ်သည့် အများပြည်သူဆိုင်ရာကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အများပြည်သူဝန်ဆောင်မှုပေးရာ၌ ဖြောင့်မတ်တည်ကြည်မှုရှိစွာ၊ ဘက်လိုက်ခြင်းကင်းစွာ၊ တာဝန်ယူ/တာဝန်ခံမှုရှိစွာဖြင့် ဝန်ဆောင်မှုပေးကြရန် လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့်စပ်လျဉ်း၍လည်းကောင်း၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်လာသူများက အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် အဂတိလိုက်စားမှုအပေါ် အရေးယူဆောင်ရွက်နိုင်သည့် နည်းလမ်း များနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

၎င်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးတို့ ဦးဆောင်၍ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံပြီး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့(CPU)များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သုံးသပ်တင်ပြခဲ့ပြီး ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က ပြည်နယ်/ခရိုင်/မြို့နယ် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကာ ကော်မရှင်ဥက္ကဋ္ဌက တားဆီးကာကွယ်ရေးအဖွဲ့များ၏လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)