အတန်းပညာနှင့်အတူ အတတ်ပညာပါ လေ့လာဆည်းပူးနိုင်ဖို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ကြပါစို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အတန်းပညာနှင့်အတူ အတတ်ပညာပါ လေ့လာဆည်းပူးနိုင်ဖို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ကြပါစို့


ကျောင်းသား ကျောင်းသူများ စနစ်တကျ စီတန်းစိုက်ပျိုးထားသော သီးပင် စားပင်များနှင့် တစ်ထပ်စာသင်ဆောင်များသည် အလွန်ပင်ပနံရလှသည်။ ထို့ပြင် သင်ထောက်ကူပစ္စည်းများ၊ စာသင်ခန်းအတွင်း ဆရာ ဆရာမများ၏ စာသင်ကြားနေမှု၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ပါဝင်စားစွာ လိုက်ပါဆွေးနွေးသင်ယူနေမှုတို့မှာလည်း ဆရာနှင့် တပည့်တို့အကြား အပေးအယူမျှ Harmony ဖြစ်လျက်ရှိသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်း (ညောင်နှစ်ပင်) တွင် ဖြစ်သည်။


စိုက်ပျိုးရေးဘာသာရပ်နှင့် မွေးမြူရေးဘာသာရပ်တို့ကို တွဲဖက်သင်ကြား

စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးပညာရပ်များကို မြန်မာလူငယ်တို့အကြား ပြန့်ပွားစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်မှစတင်၍ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်း၌ စိုက်ပျိုးရေးဘာသာရပ်နှင့် မွေးမြူရေးဘာသာရပ်တို့ကို တွဲဖက်သင်ကြားစေခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေးအထူးပြုဘာသာရပ်နှင့် မွေးမြူရေးအထူးပြုဘာသာရပ်များကို တွဲဖက်သင်ကြားပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade- 10 သင်ရိုး စိုက်ပျိုးရေးအထူးပြုဘာသာရပ်ဖြင့် ၁၀၂၂ ဦး ဖြေဆိုအောင်မြင်ခဲ့သည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၏ Grade-10 သင်ရိုးတွင် မြန်မာစာ၊ အင်္ဂလိပ် စာ၊ သင်္ချာ၊ ဇီဝဗေဒ၊ ပေါင်းစပ်သိပ္ပံ (ဓာတု+ရူပ)နှင့် စိုက်ပျိုးရေးအထူးပြု ဘာသာရပ်များအဖြစ် သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (၁) တွင် လယ်ယာသီးနှံဘာသာနှင့် မွေးမြူရေးဘာသာရပ်၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (၂) တွင် ဥယျာဉ်ခြံသီးနှံဘာသာနှင့် မြေဆီလွှာသိပ္ပံဘာသာရပ်၊ သီးနှံကာကွယ်ရေးဘာသာရပ်တွင် အပင်ရောဂါဗေဒဘာသာနှင့် ကိမိလဗေဒဘာသာရပ်၊ ကွင်းလက်တွေ့လေ့ကျင့်ခြင်းဘာသာရပ်တို့ကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားပေးလျက် ရှိသည်။

Grade-11 သင်ရိုးတွင် စာပေအထောက်အကူပြုဘာသာရပ်များအပြင် သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (၁) တွင် လယ်ယာသီးနှံဘာသာနှင့် မွေးမြူရေးဘာသာရပ်၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး(၂)တွင် ဥယျာဉ်ခြံသီးနှံဘာသာနှင့် မြေဆီလွှာသိပ္ပံဘာသာရပ်၊ သီးနှံကာကွယ်ရေးဘာသာရပ်တွင် အပင်ရောဂါဗေဒဘာသာနှင့် ကိမိလဗေဒဘာသာရပ်၊ အခြေခံကွန်ပျူတာသိပ္ပံဘာသာရပ်၊ ကွင်းလက်တွေ့လေ့ကျင့်ခြင်းဘာသာရပ်တို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိသည်။

Grade-12 သင်ရိုးစာပေအထောက်အကူပြုဘာသာရပ်အဖြစ် မြန်မာစာနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (၁) တွင် လယ်ယာသီးနှံဘာသာနှင့် မွေးမြူရေးဘာသာရပ်၊ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (၂) တွင် ဥယျာဉ်ခြံသီးနှံဘာသာနှင့် မြေဆီ လွှာသိပ္ပံဘာသာရပ်၊ သီးနှံစိုက်ပျိုး ထုတ်လုပ်ရေး(၃) တွင် စိုက်ပျိုးရေးရုက္ခဗေဒဘာသာနှင့် လယ်ယာသုံးစက်ကိရိယာ ဘာသာရပ်၊ သီးနှံကာကွယ်ရေးဘာသာရပ်တွင် အပင်ရောဂါဗေဒဘာသာနှင့် လယ်ယာသုံး စက်ကိရိယာဘာသာရပ်၊ သီးနှံကာကွယ်ရေးဘာသာရပ်တွင် အပင်ရောဂါဗေဒဘာသာနှင့် ကိမိလဗေဒဘာသာရပ်၊ လူမှုရေးသိပ္ပံဘာသာရပ်တွင် စိုက်ပျိုးစီးပွားဘာသာရပ်နှင့် စိုက်ပျိုးရေး ပညာပေးဘာသာရပ်၊ အခြေခံကွန်ပျူတာသိပ္ပံဘာသာရပ်၊ ကွင်းလက်တွေ့လေ့ကျင့် ခြင်းဘာသာရပ်တို့ကို သင်ကြားပေးမည်ဖြစ်သည်။

“Grade-12 အောင်မှ စိုက်ပျိုးရေး တက္ကသိုလ်တက်ရမယ်ဆိုတာကို အခုတော့ ပေါင်းကူးအနေနဲ့ အတန်းပညာ၊ အတတ်ပညာရပ်တွေ လေ့လာသင်ယူခွင့်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးအခြေခံထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုပါတယ်။ မတိမ်ကောတဲ့ ပညာရပ်တွေလို့မြင်မိပါတယ်။ ပြီးတော့ အခွင့်အလမ်းတွေလည်း များစွာရရှိမယ်လို့ ယုံကြည်တဲ့အတွက် တက်ရောက်ဖြစ်တာဖြစ်ပါတယ်”ဟု စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသားတစ်ဦးက ပြောကြားသည်။


သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့များ ဖွဲ့စည်း

သင်ရိုးညွှန်းတမ်းများ ရေးဆွဲဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့၊ စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းတည်းဖြတ်ရေးအဖွဲ့၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်း တည်းဖြတ်ရေးအဖွဲ့၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းစိစစ်အတည် ပြုရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် ၃၄ ခု၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၃၄ ကျောင်းကို ထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၅ ကျောင်းအထိ ရှိလာမည်ဖြစ်သည်။


အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ

အဆိုပါကျောင်းများသည် ကချင် ပြည်နယ်တွင် လေးကျောင်း၊ ကယားပြည်နယ်တွင် တစ်ကျောင်း၊ ကရင်ပြည် နယ်တွင် နှစ်ကျောင်း၊ ချင်းပြည်နယ်တွင် နှစ်ကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ငါးကျောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် သုံးကျောင်း၊ ပဲခူးတိုင်းဒေသကြီး တွင် ခြောက်ကျောင်း၊ မကွေးတိုင်းဒေသကြီးတွင် ငါးကျောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၀ ကျောင်း၊ မွန်ပြည်နယ်တွင် လေးကျောင်း၊ ရခိုင်ပြည်နယ်တွင် ငါးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၁ ကျောင်း၊ ရှမ်းပြည်နယ်တွင် ၁၅ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရှစ်ကျောင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် လေးကျောင်း တည်ရှိမည် ဖြစ်သည်။

“တက်ရောက်လိုတဲ့သူတွေအနေနဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်လက်တွေ့လုပ်ငန်းတွေ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ကျန်းမာရေးကောင်းမွန်တဲ့သူဖြစ်ရပါမယ်။ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်မှာ Grade-9 အောင်မြင်တဲ့သူတွေ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ Grade-9 အောင်မြင်ခဲ့တဲ့သူတွေ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ Grade-10 အောင်မြင်တဲ့သူတွေ ဒါမှမဟုတ် ကျရှုံးသူ၊ ရပ်နားထားသူတွေကို သတ်မှတ်ဦးရေအပေါ် မူတည်ပြီး ဦးစားပေး တက်ရောက်နိုင်မှာဖြစ်ပါတယ်”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ စိုက်ပျိုးရေးအတတ်ပညာ သုံးနှစ် သင်တန်းအောင်မြင်ပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ပထမနှစ် သင်တန်းများသို့လည်းကောင်း၊ အထူးအောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်သို့လည်းကောင်း၊ မွေးမြူရေးအတတ်ပညာ သုံးနှစ်သင်တန်းအောင်မြင်ပါက စိုက်ပျိုးရေး နှင့် မွေးမြူရေးသိပ္ပံ၊ ငါးလုပ်ငန်းသိပ္ပံ ပထမနှစ်သင်တန်းများသို့လည်းကောင်း၊ အထူးအောင်မြင်ပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ပထမနှစ်သို့လည်းကောင်း တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။


ဇွန်လ ၃ ရက်နေ့တွင် ဖွင့်လှစ်သွားမည်

ကျောင်းဝင်ခွင့်လျှောက်လွှာများကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ယခုနှစ် မေလ ၁၀ ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီး မေလ ၁၉ ရက်နေ့ နောက်ဆုံးထား၍ တက်ရောက်လိုသည့် ကျောင်းများသို့ လျှောက်လွှာတင်သွင်းရမည်ဖြစ်ကာ ကျောင်းများကို ဇွန်လ ၃ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

“ကလေးတွေအတွက် အခွင့်အလမ်း သစ်တွေကို ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်။ ဒီကျောင်းက သုံးနှစ်သင်တန်း ပြီးတာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့ လက်မှတ်ရရှိပြီဖြစ်ပါတယ်။ ထူးချွန်ရင် အစိုးရစက်မှုလက်မှုသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံတွေမှာ ဆက်လက်တက်ရောက်နိုင်ပြီး ဒီထက်ထူးချွန်ရင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ သူတို့ဘဝအတွက် များစွာအထောက်အကူပြုစေတဲ့ကျောင်းဖြစ်တယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်”ဟု အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး တစ်ဦးက ပြောကြားသည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသည် အသက်မွေးအတတ်ပညာများကို စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးလျက်ရှိရာ မြန်မာကျောင်းသားလူငယ်တို့အတွက် သင်ယူမှုအခွင့်အလမ်းသစ်တို့ မွေးဖွားပေးရာ နေရာလည်းဖြစ်သည်။

လူငယ်များအတွက် အတန်းပညာနှင့်အတူ အသက်မွေးအတတ်ပညာတို့ကိုပါ တစ်ပြိုင်တည်း လေ့ကျင့်သင်ကြားပေးသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ နိုင်ငံအနှံ့ ဖွင့်လှစ်ခြင်းသည် နိုင်ငံအတွက် အားထားရမည့် စွမ်းရည်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းလည်း ဖြစ်သည်။

နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍအတွက် လိုအပ်သည့် ကျွမ်းကျင်လူငယ်လုပ်သား လူ့စွမ်းအားအရင်းအမြစ်များကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်းများမှ မွေးထုတ်ပေးတော့မည်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အားပါဝင်ဖို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။


ကေတာ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)