တနင်္သာရီတိုင်းဒေသကြီး၏ ရေလုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာစေရေးအတွက် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး၏ ရေလုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာစေရေးအတွက် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်


နေပြည်တော်၊ ဇွန် ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ရေလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သော ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်မှု သဘောတူစာချုပ်အရ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၇-၆-၂၀၂၄ မြိတ်မြို့ မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သုတေသနလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန ပါမောက္ခ ဌာနမှူး၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကမ္ဘာပေါ်၌ ဒီရေတောများ တည်ရှိသည့်နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် မြန်မာနိုင်ငံသည် တတိယဒီရေတော အများဆုံးနိုင်ငံဖြစ်၍ မြိတ်ခရိုင်တွင် ဒီရေတောဧက သုံးသိန်းကျော်တည်ရှိပြီး မြန်မာနိုင်ငံတွင် ဒီရေတောအများဆုံးဒေသ ဖြစ်သကဲ့သို့ မြန်မာ့ရေထွက်ပစ္စည်းများ၏ ပြည်ပပို့ကုန် ၃၀ ရာခိုင်နှုန်းကို တနင်္သာရီတိုင်းဒေသကြီးက ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ တိုးချဲ့ဆောင်ရွက် နိုင်ရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ရေငန်ပုစွန် မွေးမြူရေးသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပြီး ဂျင်းခရု(သွေးဂုံး) မွေးမြူရေးမှာလည်း လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် မွေးမြူဧက ၅၀၀၀ ခန့်အထိ တိုးတက်လျက်ရှိရာ ဒေသနှင့်ကိုက်ညီသည့် ဂျင်းခရု(သွေးဂုံး)၊ ကမာ၊ ကျောက်ငါးနှင့် ကကတစ်ငါးများ စသည့် ရေငန်သတ္တဝါ မွေးမြူရေး အောင်မြင်ရန်အတွက် သုတေသနလုပ်ငန်းများ မဖြစ်မနေဆောင် ရွက်ရမည်ဖြစ်သကဲ့သို့ ရေငန် ငါး ပုစွန်မွေးမြူတတ်သည့် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာ စေရန်နှင့် ဂျင်းခရု၊ ကျောက်ငါး၊ ကကတစ်၊ ငါးပါးနီ၊ ကမာ ရေငန် မွေးမြူရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာစေရန် သုတေသနရန်ပုံငွေ ထူထောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ သက်ဆိုင်သူအားလုံးက ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ရေရှည်တွင် ငါးသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးအတွက် ဖမ်းဆီးထုတ်လုပ်ခြင်းကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ရေးနှင့် မွေးမြူထုတ်လုပ်မှုကဏ္ဍ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အနာဂတ်၏ ရေလုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာစေရေးအတွက် သုတေသနရလဒ်ကောင်းများ ဖော်ထုတ်အသုံး ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်၊ သုတေသနလုပ်ငန်း ကြီးကြပ်မှုကော်မတီ အဖွဲ့တာဝန်ရှိသူတို့က သုတေသနပြုဆောင်ရွက်နေမှု အခြေအနေများကို အွန်လိုင်းစနစ်ဖြင့် ပါဝင် ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်လာကြသူများက ကလွင် စခန်းအဆင့်မြှင့်တင်ခြင်း၊ မွေးမြူရေးသုတေသနစခန်း(ကျွန်းစု)မှ ရေနေသတ္တဝါဆိုင်ရာ ရေငန်ငါး ပုစွန် မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မျိုးမွေးမြူထိန်းသိမ်းခြင်း၊ မျိုးကောင်း မျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဌာန၏ သုတေသနလုပ်ငန်းများ၊ အဏ္ဏဝါသိပ္ပံဌာနမှ ဒေသတွင်း တွေ့ရှိရ သည့် ခရု/ကမာ မျိုးစိတ်များ သားဖောက်မွေးမြူခြင်း၊ ထုတ်လုပ်ခြင်းနှင့် နည်းစနစ်ကျနသော အသားတိုးမွေးမြူခြင်း သုတေသနပြုဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ရှားပါးလာသော ဒေသငါးမျိုးစိတ်များထိန်းသိမ်းရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများကို ဈေးကွက်ဝင် အရည်အသွေးမြင့်မားသည့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အသုံးချသုတေသနလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်နှင့် ဈေးကွက်ဆိုင်ရာ သုတေသနပြု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ကြရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)