ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းစည်းဝေး


နေပြည်တော်၊ ဇွန် ၃၀

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအေဂျင်စီ သည် SME ဥပဒေပုဒ်မ ၂၈ အရ SME စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် စက်ရုံများတည်ထောင်ရန် မြေ (သို့မဟုတ်) လုပ်ငန်းနေရာကို သက်သာသောနှုန်းထားဖြင့် ငှားရမ်းခြင်း ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ၊ ဘွိုင်လာဥပဒေ၊ လျှပ်စစ်ဥပဒေ၊ SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးဥပဒေနှင့် စက်မှုဇုန်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာအစိုးရအဖွဲ့နှင့် ကော်မတီများအနေဖြင့် စက်မှုလုပ်ငန်း၊ စက်မှုဇုန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိတိ ကျကျ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ စက်မှုဇုန်ဥပဒေ၏ ရည်ရွယ်ချက်၊ ကော်မတီများဖွဲ့စည်းခြင်း၊ စက်မှု လုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဖွဲ့စည်းခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ တည်ထောင်ပြီး စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲစက်မှုဇုန်စီမံကိန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌတို့က စက်မှုဇုန်အတွင်း လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု တို့ကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 ဇွန် ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကြံခင်းမြို့ရှိ အမှတ် (၃၂) အကြီးစား စက်ရုံ (ကြံခင်း) အစည်းအဝေးခန်းမ၌ စက်ရုံရှိ အရာထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို စက်စွမ်းအားပြည့် လည်ပတ်၍ ထုတ်ကုန်များ ထုတ်လုပ်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံရှိ တပ်ဆင်ထားရှိသော စက်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် တစ်ဦးချင်းအသိစိတ်ဓာတ်ဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် အဆောက်အအုံ၊ မြေနှင့် စက်ရုံပိုင် ပုံသေပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်း ထားရှိရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများကိုလည်းကောင်း ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ  တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)