ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ကရင်ပြည်နယ် ဘားအံမြို့သို့ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ကရင်ပြည်နယ် ဘားအံမြို့သို့ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်


နေပြည်တော်၊ ဇွန် ၁၀

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိစေခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့်  အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်နှင့် ကလေးဆေးရုံကြီး-ရန်ကုန်တို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဇွန် ၈ ရက်နှင့် ၉ရက်တို့တွင် ကရင်ပြည်နယ် ဘားအံမြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး (ဘားအံမြို့)မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ဘားအံမြို့သာမက ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်နှစ်မြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသပြီး နှလုံးရောဂါဆိုင်ရာလူနာ ၁၁၁ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၁၃၁ ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာ လူနာ ၄၆ ဦး၊ ကင်ဆာဆေးကုသမှုဆိုင်ရာလူနာ ၁၂ ဦး၊ ကလေးအာရုံကြောဆေး ကုသမှုဆိုင်ရာလူနာ ၃၅ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ ၁၇၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ ၁၀ ဦး၊ အထွေထွေရောဂါ ဆေးပညာ လူနာ ၅၆၁ ဦး၊ မျက်စိရောဂါလူနာ ၄၁၃ ဦး စုစုပေါင်း လူနာ၁၄၉၆ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါ လူနာများအနက်  နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း(Echocardiography)၇၈ ဦး၊ အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း (OGDS) သုံးဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) သုံးဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (CT scan) ၂၂ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၃၃ ဦး၊ ဓာတ်ခွဲစမ်းသပ်သူ ၂၈၉ ဦး၊ သွေးချိုဓာတ်(HbA1C) တိုင်းတာခြင်း ၄၆ ဦး၊ Ultrasound ရိုက်ကူးခြင်း ၆၈ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း(ECG) ၂၃၆ ဦး စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာနှစ်ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super Specialty) ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၄ ခုနှစ် နှစ်ဆန်းမှစတင်၍ ဆောင်ရွက်လျက်ရှိရာ တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့၊ မြစ်ကြီးနားမြို့၊ ဟင်္သာတမြို့၊ ထားဝယ်မြို့၊ ကျိုင်းတုံမြို့နှင့် ယခု ဘားအံမြို့များသို့ သွားရောက်ပြီး ကော့သောင်းမြို့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)