နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေကျင်းပသွားမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေကျင်းပသွားမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


နေပြည်တော်၊ ဇူလိုင် ၂၄

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတ တာဝန် ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲအပ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၃-၇-၂၀၂၄ ရက်နေ့က ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေကျင်းပသွားမှာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။

 ဗိုလ်ချုပ်ဇော်မင်းထွန်း က "ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ယာယီ သမ္မတ ဦးမြင့်ဆွေကို အထူးဆေးကုသမှုအဖွဲ့နဲ့ ဂရုတစိုက် ကုသပေးလျက်ရှိပါတယ်။ သို့သော် ယာယီသမ္မတတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန် ကျန်းမာရေးအခြေအနေ တိုးတက် ကောင်းမွန်မှုမရှိသေးတဲ့အတွက် တာဝန်လွှဲအပ်ခြင်းကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစွာအသိပေး ပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေအနေကြေညာမှု၊ ပုဒ်မ (၄၁၂) အရ အရေးပေါ်အခြေအနေကြေညာမှုနဲ့ ဒီနှစ်ခုကို ဆက်စပ်ပြီး ဆောင်ရွက်ကြည့်မယ်ဆိုရင် အရေးပေါ်ကာလ မပြီးမြောက်သေးတဲ့ကာလအတွင်းမှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာပါဝင်တဲ့ ပုဂ္ဂိုလ်အချို့လစ်လပ်သွားစေကာမူ ကျန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့တာဝန်တွေကို မလွဲမသွေ ဆက်လက်ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ပုဒ်မ ၄၁၂ (ခ) မှာဆိုရင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များ ဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နဲ့ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာနိုင်သည်လို့ ပြဋ္ဌာန်းထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ယာယီသမ္မတရဲ့ ကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတ မတက်ရောက်နိုင်သည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားရင် ပုဒ်မ ၄၁၂ (ခ) မှာပါတဲ့ အခြေခံဥပဒေရဲ့ သဘောတရားများအရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို အဓိကဆုံးဖြတ်ပေးရတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီအစည်းအဝေးကို ဦးဆောင်ရန်အဖို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကို သမ္မတ ကိုယ်စား လက်တွေ့ကျင့်သုံးဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုပဲ လွှဲပြောင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။" ဟု ရှင်းလင်းပြောဆိုသည်။

ဆက်လက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း က "တစ်ခုရှိတာကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဘာကြောင့် ဦးဆောင်မှုမပြုရသလဲဆိုတာနဲ့ ပတ်သက်ပြီး ပုဒ်မ ၄၁၈ မှာတော့ ဒီလိုအခြေအနေမျိုးမှာ လွှတ်တော်ဥက္ကဋ္ဌပဲရှိပြီး လွှတ်တော်ကြီးမရှိတော့ဘူး။ လွှတ်တော်ဥက္ကဋ္ဌ ဆက်လက်တည်ရှိနေတာက လည်း ပုဒ်မ ၄၂၄ အရ လွှတ်တော်ဥက္ကဋ္ဌအသစ်များ ရွေးကောက်တင်မြှောက်ပြီးပါက တာဝန်လွှဲပြောင်းရေးအတွက်သာ ကျန်ရှိနေခြင်းဖြစ်လို့ ဖြစ်ပါတယ်။ အခြားသောမေးခွန်းတွေဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ယာယီသမ္မတအဖြစ် ဆောင်ရွက်မှာလား၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ်ပဲ ဆောင်ရွက်မှာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးပြောရရင် မနေ့ က ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ပါပြီးဖြစ်ပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းအပ်နှံ တာဝန်ထမ်းဆောင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အစိုးရအဖွဲ့တို့ကပဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ အတိုင်း မပြောင်းမလဲ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။" ဟု ပြောဆိုသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ရှင်းလင်းပြောကြားချက်တွင် "အထူးအလေးထား ပြောကြားလိုတာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေကျင်းပသွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။" ဟု ထည့်သွင်း ပြောကြားသွားခဲ့ခြင်းဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)