ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်မျိုးစုံ ၈၀၀၀ ကျော် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်မျိုးစုံ ၈၀၀၀ ကျော် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပြီးစီး





ပွင့်ဖြူ  ၊  ဇူလိုင်  ၃


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း အပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ကျွန်း၊ ဒဟတ်၊ ယူကလစ်၊ တမာ စသည့် အရိပ်ရသစ်မျိုးစုံ (၈၀၀၀) ကျော် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။


ထိုသို့ မြို့နယ်အတွင်း အပူဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပင်များ အကောင်အထည်ဖော်စိုက်ပျိုးခြင်းကို မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ရွှေ၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ဒေသခံကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ ခရိုင်စိမ်းလန်းစိုပြည်ရေးစီမံချက် ဘက်စုံသုံးစိုက်ခင်းများအဖြစ် ကျေးရွာတစ်ရွာလျှင် (၂) ဧကနှုန်းဖြင့် ပွင့်ဖြူမြို့နယ်၊ ရွာသစ်ကလေးကျေးရွာ၊ ဆင်လူး(တ)ကျေးရွာ၊ ဆင်လူး(မ)ကျေးရွာ၊ လေးအိမ်ကုန်းကျေးရွာနှင့် ရေပုတ်ကြီးကျေးရွာတို့တွင် ယူကလစ်၊ ကျွန်း၊ ဒဟတ် စုစုပေါင်း အရိပ်ရသစ်မျိုးစုံ အပင်(၆၀၀)စီ အကောင်အထည်ဖော်စိုက်ပျိုးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာဘက်စုံသုံးစိုက်ခင်းအဖြစ် ပွင့်ဖြူမြို့နယ်ရေပုတ်ကြီးကျေးရွာနှင့် ချောင်းဆုံကျေးရွာကြားတွင် တမာစိုက်ခင်း(၁၅)ဧက ပျိုးပင်ပေါင်း ၄၅၀၀ စိုက်ပျိုးခြင်း၊ ရေပုတ်ကြီးကျေးရွာနှင့် စလင်းမြို့နယ်၊ ဇယ်တွင်းကျေးရွာသို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက် လမ်းဘေး(ဝဲ/ယာ)တွင် ကျွန်းပင် ၂၀၊ ဒဟတ်ပင် ၆၀၊ ယူကလစ် ၅၂၀ စုစုပေါင်း အရိပ်ရသစ်မျိုးစုံ အပင်(၆၀၀)တို့ကို စိုက်ပျိုးခဲ့ရာ အရိပ်ရသစ်မျိုးစုံ အပင်(၈၁၀၀)အား ယခုနှစ် ဇွန်လကုန်တွင် အပြီးစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။


ယင်းအပြင် မြို့နယ်အတွင်း သစ်တောပြုန်းတီးမှုများ လျော့နည်းကျဆင်းစေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ကာ ရာသီဥတုပြောင်းလဲမှုများကြောင့် ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားစေရေးအတွက်ရည်ရွယ်ပြီး ယခုနှစ်မိုးရာသီတွင် အထူးစိမ်းစိုက်ခင်းအဖြစ် အရိပ်ရပင်များဖြစ်သည့် ဒဟတ်၊ ကုက္ကို၊ ရှား၊ မယ်ဇလီ စသည့် အရိပ်ရသစ်မျိုးစုံ (၇၅၀၀)ပင်နှင့် ကျေးရွာနေပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ယူကလစ်နှင့် မျှင်ဝါးစိုက်ခင်းဧက(၉၀)တို့ကိုလည်း အကောင်အထည်ဖော်စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးညွန့်ရွှေက ပြောသည်။


ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ကျွန်း၊ ယူကလစ်၊ တမာ၊ ဒဟတ်၊ ကုက္ကို၊ ရှား၊ မျှင်ဝါး၊ မယ်ဇလီ စသည့် အရိပ်ရသစ်မျိုးစုံများကို ပြုစုပျိုးထောင်ကာ နှစ်စဉ်မိုးရာသီကာလများတွင် ကျေးရွာနေပြည်သူများနှင့်ပူးပေါင်းပြီး ကျေးရွာဘက်စုံသုံးစိုက်ခင်းများနှင့် ခရိုင်စိမ်းလန်းစိုပြည်ရေးစီမံချက် ဘက်စုံသုံးစိုက်ခင်းများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်၍ စိုက်ခင်းများမှထွက်ရှိလာသော ထင်း၊ မျောတိုင်နှင့် သစ်များကို ကျေးရွာနေပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)