(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကျင်းပ


နေပြည်တော်၊ ဇူလိုင် ၇

(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ယမန်နေ့က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက်မှ ဒါရိုက်တာအဖွဲ့ဝင်များ၊ သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) တို့မှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများ၊ သမဝါယမအသင်းသားများ၊ ဝန်ထမ်းများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ် (Interna-tional Cooperative Alliance -ICA)ကို ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် အင်္ဂလန်နိုင်ငံလန်ဒန်မြို့၌ စတင်ဖွဲ့စည်းခဲ့ရာ သက်တမ်း ၁၂၉ နှစ်ရှိပြီဖြစ်ကြောင်း၊ ၁၉၂၃ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်ပွဲများ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၁၀၂)နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ၁၉၉၄ ခုနှစ်တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ်ဇူလိုင်ပထမပတ်စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရှိ ဗဟိုသမဝါယမအသင်းသည် ၁၉၉၃ ခုနှစ် စက်တင် ဘာ ၇ ရက်တွင် အပြည်ပြည် ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၀၄ ခုနှစ်၌ သမဝါယမအသင်း အက်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၁၉၀၅ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် စစ်ကိုင်းခရိုင် မြင်းမူငွေစုငွေချေး သမဝါယမအသင်းကို စတင်ဖွဲ့စည်းသည်မှစ၍ သမဝါယမလုပ်ငန်းများ သန္ဓေတည်လာခဲ့ပါကြောင်း၊ ခေတ်အဆက်ဆက် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ပြီး လမ်းညွှန်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း။

၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် (၃) နှစ်တာကာလအတွင်း သမဝါယမလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ ဖွဲ့စည်းခဲ့ပြီးသော အသင်းဟောင်းများကို လုပ်ငန်းအမှန်တကယ် လုပ်ကိုင်သူများကိုသာ ပြန်လည်ပြုပြင်ဖွဲ့စည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ သမဝါယမအသင်းပေါင်း ၃၈၆၅၉ သင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

၂၀၂၄ ခုနှစ် အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်ဖြစ်သည့် “Cooperatives Build a Better Future for All” (အနာ ဂတ်ဘဝပိုမိုကောင်းမွန်ရေး သမဝါယမကဆောင်ရွက်ပေး) ဆိုသည့်အတိုင်း နိုင်ငံတကာသမဝါယမများက မျှဝေခံစားတတ်သော လူ့ကျင့်ဝတ်ဂုဏ်သိက္ခာ စံတန်ဖိုးများအပေါ်အခြေတည်ထားသည့် အခြေခံမူများအတိုင်း လိုက်နာကျင့်သုံး ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ဗဟိုသမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌကိုယ်စား ဒါရိုက်တာအဖွဲ့ဝင်ဦးထွန်းလှိုင်က အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဂုဏ်ပြုစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်မှပေးပို့သောသဝဏ်လွှာကို ဗဟိုသမဝါယမအသင်းလီမိတက် ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာတိုးနန္ဒာတင်ကဖတ်ကြားကာ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဂုဏ်ပြုတေးသီချင်းနှင့် သမဝါယမလုပ်ငန်းဆောင်ရွက်မှု Video Clip ကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် သမဝါယမဖွံ့ဖြိုးရေး ဆောင်ရွက်မှုများအတွက် ဆုအမျိုးအစားပေါင်း ၂၇ ဆုကို ပေးအပ်ချီးမြှင့်ပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)