တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းအောင်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းအောင်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညို




ပုသိမ်၊ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တွင် ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်း တက်​ရောက်လျက်ရှိသည့် သင်တန်းသား ဆရာတော်၊ သံဃာတော်အရှင်သူမြတ် (၁၇၀)ပါးအား  ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများက သင်တန်းသား ဆရာတော်သံဃာတော်အရှင်သူမြတ်များအား သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ပေါ်ရှိ Cafe Cafe Bakery & Restaurant ၊ စွမ်းဟိုတယ်နှင့် ရွှေမြင်းပုသိမ်ဟာလဝါ ထုတ်လုပ်မှုလုပ်ငန်းများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအပေါ် အခွန်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်း ရှိ/မရှိ၊ ကျသင့်အခွန်နှင့် မြေပြင်အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝကောက်ခံရရှိရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ လုပ်ငန်းရှင်များ၊ အခွန်ထမ်းများအား အခွန်ဆိုင်ရာဥပဒေများနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် အသိပေးရှင်းလင်း၍ တာဝန်သိသိ လိုလားစွာဖြင့် အခွန်ထမ်းဆောင်လာစေရေး စည်းရုံးဆောင်ရွက်ရန်၊ စည်းကြပ်ကောက်ခံသည့်အခွန်များ၊ လစဉ်ပေးသွင်းရမည့်အခွန်များအား သက်ဆိုင်ရာဌာနများက အပြည့်အဝကောက်ခံရရှိရေး ပူးပေါင်းဆောင်ရွက်ရန်၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဆောင်ရွက်ရသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များက လိုက်နာခြင်းရှိ/မရှိ စောင့်ကြပ်ကြည့်ရှုဖော်ထုတ်ရန်နှင့် အခွန်ဘဏ္ဍာငွေများ ပြည့်ဝစွာရရှိရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပသည့် ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်း အောင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလနှင့် ဩဝါဒကထာနာယူဆောက်တည်ကြပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေမစိုးရိမ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်ထံမှ ဩဝါဒကထာ ဆက်လက်နာယူကြည်ညိုကြသည်။

ထို့နောက် ပုသိမ်မြို့နယ်သံဃနာယကအဖွဲ့(သုဓမ္မာ)ဥက္ကဋ္ဌ၊ စန္ဒသုခဝတီကျောင်းဆရာတော် ဘဒ္ဒန္တသိရိန္ဒက ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သင်တန်းနည်းပြဆရာတော်များအား လှူဖွယ်ခြင်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် သင်တန်းတက်ရောက်တော်မူကြသော သံဃာတော်များကိုယ်စား သင်တန်းသားသံဃာတော် (၉)တို့ပါးအား တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ၊ မရမ်းချိုကျောင်းတိုက် ဆရာတော်ကြီး၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သင်တန်းဆင်းလက်မှတ်များ ဆက်ကပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ သင်တန်းအောင်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ပုသိမ်မြို့နယ် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းတွင် ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိတ၊ ပုသိမ်မြို့၊ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ၊ ဓနုဖြူမြို့၊ ပြဿဒ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခန္တီဝါဒဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့က ယခုလ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ သင်တန်းသား ဆရာတော် သံဃာတော်အရှင်သူမြတ် (၁၇၀)ပါးအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)