ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ပေထွန်ထန် ရှင်နာဝပ်ထရာ ရွေးချယ်တင်မြှောက်ခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ပေထွန်ထန် ရှင်နာဝပ်ထရာ ရွေးချယ်တင်မြှောက်ခံရ


ဘန်ကောက်၊ ဩဂုတ် ၁၆

ထိုင်းနိုင်ငံ၏ ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ကျောထောက်နောက်ခံပေးထားသည့် ကိုယ်စားလှယ်လောင်း ပေထွန်ထန် ရှင်နာဝပ်ထရာသည် ပါလီမန်မဲခွဲဆုံးဖြတ်မှုအတွင်း လိုအပ်သော ထောက်ခံမဲအရေအတွက်ကို ရရှိခဲ့ပြီးနောက် ဩဂုတ် ၁၆ ရက်တွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ယခုသီတင်းပတ် အစောပိုင်း၌ ကျင့်ဝတ်သိက္ခာပိုင်း ချိုးဖောက်မှုဖြင့် ယခင်ဝန်ကြီးချုပ် ဆေထာထဝီဆင်အား ရာထူးမှဖယ်ရှားရန် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အမိန့်ချခဲ့ပြီးနောက်တွင် ပြုလုပ်ခဲ့သည့် ပါလီမန်မဲခွဲဆုံးဖြတ်မှုအတွင်း ပေထွန်ထန်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံရသည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်သည်။

ပေထွန်ထန်သည် လက်ရှိလွှတ်တော်အမတ်ဦးရေ ၄၉၃ ဦးအနက် ၃၁၉ ဦး၏ ထောက်ခံမဲကို ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်ရန် လိုအပ်သော မဲအရေအတွက်ထက် ကျော်လွန်ရရှိခဲ့ကြောင်း နှစ်နာရီနီးပါးကြာမြင့်သော မဲခွဲဆုံးဖြတ်မှုအပြီးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဝမ်မိုဟာမက် နူအာမာသာက ကြေညာခဲ့သည်။

၎င်းသည် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်နှင့် နိုင်ငံ၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာရန် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ တရားဝင်ခန့်အပ်မှုကို စောင့်ဆိုင်းရမည်ဖြစ်သည်။

ဩဂုတ် ၁၅ ရက်တွင် ညွန့်ပေါင်းအစိုးရက ၎င်းအား ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုကြောင်း အတည်ပြုခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ အငယ်ဆုံးသမီးဖြစ်လည်းဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဖြူထိုင်းပါတီခေါင်းဆောင် ပေထွန်ထန်က စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းမည့် အာဏာရ ညွန့်ပေါင်းအစိုးရ၏ အခိုင်အမာစိတ်ပိုင်းဖြတ်မှုကို မီးမောင်းထိုးပြခဲ့ကြောင်း သိရသည်။


Ref - (Xinhua)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)