ဂန့်ဂေါ ၊ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် အသက်(၅)နှစ်အောက် ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့မှစတင်၍ ဩဂုတ်လ ၂၈ ရက်နေ့ထိ (၃)ရက်တိုင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးစန်းဝင်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များကပူးပေါင်း၍ အသက် (၅)နှစ်အောက်ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးဆေးများကို ကလေးများ၏ အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့ပေါ် (၄)ရပ်ကွက်နှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကာကွယ်ဆေးများမထိုးနှံရသေးသည့် အသက် (၅)နှစ်အောက်ကလေးငယ်များကို ဩဂုတ် ၂၆ ရက်နေ့တွင် (၂၀၁)ဦး၊ ဩဂုတ် ၂၇ ရက်နေ့တွင် (၉၈)ဦး၊ စုစုပေါင်း (၂၉၉)ဦးကို ထိုးနှံပေးခဲ့ပြီး ယနေ့နံနက် (၈)နာရီမှ (၁၁)နာရီထိ နေ့လယ် (၁၂)နာရီမှ (၃)နာရီထိ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment