နေပြည်တော် ၊ စက်တင်ဘာ ၂၈
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန စုပေါင်းခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာစိုးဝင်း၊ အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ချက်နှင့် မူဝါဒများ ချမှတ်ပေးခဲ့ကြောင်း၊ အဆိုပါလမ်းညွှန်ချက်များနှင့် မူဝါဒများကိုလည်း သက်ဆိုင်ရာ ကော်မတီများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှုကိုလည်း သုံးသပ်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အချိန်အကန့်အသတ်များရှိသည့်အတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အလျင်အမြန်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာကျောင်းများကို အောက်တိုဘာလအတွင်း အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှာကြားထားသည့်အတွက် သတ်မှတ်ကာလအတွင်း ဖြစ်နိုင်သရွေ့ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကယ်ဆယ်ရေးစခန်းများ ရှိ ပြည်သူများကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက် ရေပြန်ကျချိန်များတွင် မိမိတို့၏ အိမ်များသို့ ပြန်လည်ပြီး အခြေချနေထိုင်နိုင်ရေးနှင့် ပျက်စီးမှုများ ပြုပြင်ပေးနိုင်ရေးကိုလည်း တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများနှင့် စပ်လျဉ်း၍ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များအလိုက် လမ်းပျက်စီးမှုများကို ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်း၊ လုံးဝပျက်စီးသွား သည့် တံတားများလက်တလောသွားလာနိုင်ရန် ယာယီတံတားများဆောင်ရွက် ပေးရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး လမ်းညွှန်မှာကြား ထားသည့်အတွက် အလေးထားဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် မြေပြင်စာရင်း မှန်ကန်ရေးမှာ အရေးကြီးသည့်အတွက် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံး မှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီက စာရင်းအချက် အလက် ကောက်ယူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ သို့မှသာ အချက်အလက် မှန်မှန်ကန်ကန်သိရှိပြီး ပြန်လည်ထူထောင် ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။
ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုအပိုင်းတွင် ယနေ့အချိန်ထိ ဆောင် ရွက်လျက်ရှိပြီး ဘေးဒုက္ခရောက်သည့်နေရာအားလုံးသို့ ကူညီကယ်ဆယ်ရေးအဖွဲ့ များ မရောက်မရှိ မဖြစ်စေရေး အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းလမ်းမျိုးစုံဖြင့် သွားရောက် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပျက်စီးဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက် ပေးရမည့်အချက်များကို ဆွေးနွေးနိုင်ရန် တာဝန်ရှိသူများက အချက်အလက်များ ပေးပို့ထားပြီဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre)အနေဖြင့် စက်တင်ဘာ ၁၂ ရက်မှစတင်၍ လုပ်ငန်းများ ဆောင်ရွက်ပြီး စာရင်းကောက်ယူ၍ သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ ညွှန်ကြားချက်များ ထုတ်ပြန်ပေးနိုင်ရေးအတွက် နေ့ညတာဝန်ပေးအပ်ပြီး အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဦးစားပေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း အဆင့်အလိုက် ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနက တိုင်းဒေသ ကြီးနှင့်ပြည်နယ်များရှိ DMC အဖွဲ့များနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများ အလေးထား ဆောင်ရွက်နိုင်ရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပြင် အခြားဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် စတင်ဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းမစတင်မီ ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများ မူလနေရပ်သို့ အတတ်နိုင်ဆုံး ပြန်လည်ရောက်ရှိရန် လိုအပ်ပြီး ထောက်ပံ့ပေးအပ်မှုများကို ဆွေးနွေးတိုင်ပင်ပြီး အတည်ပြုရာထား နှုန်းထားအပေါ်မူတည်၍ အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူများအနေဖြင့် မိမိနေရာ၊ မိမိဒေသရှိ ကိုယ့်အိမ်၊ ကိုယ့်ရာများသို့ ပြန်လည်သွားရောက်ပြီး အမြန်ဆုံးပြုပြင်နေထိုင်ခြင်းဖြင့် လုံခြုံမှု ရှိပြီး ရေရှည်ကောင်းမွန်သည့် လူမှုဘဝကို တည်ဆောက်နိုင်မည်ဆိုသည်ကိုလည်း တာဝန်ရှိသူများက ရှင်းလင်းပြောကြား ပေးရမည်ဖြစ်ကြောင်း၊ ရေဘေးသင့် ပြည်သူများ၏ နေအိမ်များနှင့်လမ်းများ၌ ကျန်ရှိနေသည့် သဲနုန်းများ၊ အမှိုက်များကို ဖယ်ရှားပြီး သန့်ရှင်းရေးလုပ်ငန်းများကို ပြည်သူများနှင့်အတူ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုအပိုင်းများတွင် လစ်ဟာမှုမရှိစေရေးအတွက် စနစ်တကျတွက်ချက်၍ ဆောင်ရွက်ပေးနိုင်ရေးအတွက် သေဆုံးမှု၊ အိုးအိမ်ပျက်စီးမှု၊ ကျောင်းများနှင့် သာသနိက အဆောက်အဦများပျက်စီးမှု၊ စိုက်ပျိုးရေးသီးနှံများ ပျက်စီးမှုနှင့် အခြား ပျက်စီးမှုများကို ကဏ္ဍအလိုက် တိတိကျကျ ဆွေးနွေးပေးကြရန်လိုကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ဒေသအလိုက် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေ၊ လက်ရှိနောက် ဆုံးအခြေအနေ၊ တိုးတက်မှုအခြေအနေ၊ လမ်းတံတားပျက်စီးမှု၊ ပြန်လည်ဆောင် ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ထိထိရောက်ရောက် ဆွေးနွေးပေးကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာစိုးဝင်းနှင့် ဦးကိုကိုလှိုင်တို့က ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ထားရှိမှု၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အလှူငွေ၊ အစားအသောက်နှင့် ဆေးဝါးများအပြင် လိုအပ်သည့်အခြား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးနေမှု၊ ရေဘေးသင့်ပြည်သူများ မူလနေရပ် ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေမှု၊ ကော်မတီမှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိမှု၊ ပျက်စီးသွားသည့် နေအိမ်များ၊ ဆုံးရှုံးသွားသည့် ပစ္စည်းများနှင့် သေဆုံးသူများ အတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်နေမှု၊ ပြည်ပနိုင်ငံ များမှ လှူဒါန်းသည့် ပစ္စည်းများလက်ခံရရှိမှု၊ သတင်းအချက်အလက်နှင့် နည်းပညာ ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်များအား အရေးပေါ် တုံ့ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း က ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် အခြေခံပညာကျောင်းများနှင့် ပညာရေးရုံးများ၏ ယာယီပိတ်ထားမှု၊ ပျက်စီးဆုံးရှုံးခဲ့မှု၊ ရေပြန်လည်ကျဆင်းသွားသည့် ဒေသများရှိ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားနေမှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ယာယီပိတ်ထားသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အစားထိုးပြန်လည်သင်ကြားနိုင်ရန် အချိန်ဇယားများရေးဆွဲထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက ရေကြီးနစ်မြုပ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု၊ သေဆုံး၊ ပျောက်ဆုံးခဲ့မှုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် လမ်းတံတားများအား ပြန်လည်ပြုပြင်တည် ဆောက်နေမှု၊ ရေနစ်မြုပ်မှုကြောင့် ရာသီသီးနှံစိုက်ဧကများ ကို အစားထိုးသီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုနှင့် အလှူငွေများ၊ ထောက်ပံ့ရေးပစ္စည်းများရရှိမှုအလိုက် ဖြန့်ခွဲပေးနေမှုနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက လမ်းညွှန်ချက်များ အပေါ်ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများအနေဖြင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း စာရင်း ဇယားများအရ နိုင်ငံအဝှမ်း၌ မြို့နယ် ၁၁၀ မြို့နယ်မှ လူနေအိမ် ၁၁၅၀၀၂ လုံး၊ ရုံးဌာနအဆောက်အဦ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေး ကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင် ရှိကြောင်းသိရှိရပြီး ရေဘေးသင့် ဒေသများသို့ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre)ဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment