ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်




ပြည် ၊ အောက်တိုဘာ ၂၇


ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှစ၍ ၁၇ ရက်နေ့အထိ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။


ပွဲတော်ကျင်းပရာတွင် ဦးစွာ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၅ နာရီခွဲတွင် စေတီတော်ပြင် ဂေါပကအဖွဲ့ရုံးနှင့် မြတ်စွယ်တော်တိုက်တို့၌ ဗုဒ္ဓမြတ်စွာဘုရားရှင်အမှူးပြုသော ဩဝါဒါစရိယဆရာတော်ကြီး (၁၀) ပါးအပါအဝင် သံဃာတော် (၁၀၈) ပါးကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး  ယင်းနောက်  သံဃာတော် (၁၀၈) ပါးတို့မှ (၂၇) ပါးစီဖြင့် စေတီတော်ရင်ပြင် အာရုံခံတန်ဆောင်း (၄) ခု၌ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်း ပြုလုပ်မည်ဖြစ်ကာ ဆက်လက်၍ စေတီတော်လေးထပ်ဓမ္မာရုံ၌ ဩဝါဒါစရိယဆရာတော်ကြီး (၁၀) ပါးနှင့် သံဃာတော် (၉၈) ပါးတို့ကိုပင့်ဖိတ်၍ တရားတော်နာယူပွဲကျင်းပမည် ဖြစ်သည်။


ထို့နောက် စေတီတော်ရင်ပြင်ရှိ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦးဆိုင်းဘုတ်ရှေ့၌ ပွဲတော်ကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးပြီး ၎င်းနောက် မြတ်စွာဘုရားရှင်နှင့် သံဃာတော် (၁၀၉) ပါးတို့ကို စေတီတော်ရင်ပြင်တော်၌ လက်ယာရစ်ပတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်သည်။


ထို့နောက် ပွဲတော်ဒုတိယနေ့ တန်ဆောင်မုန်းလဆန်း ၉ ရက်၊ နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့များဖြင့်  ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပါယ်တော်မူသည့် စိန်စေတီတော်၊ ပတ္တမြားစေတီတော်၊ ရွှေကလပ်တော်၊ မူလကြေးစေတီတော်နှင့် စန္ဒကူးကြုတ်တော်တို့ကို ရောင်တော်ဖွင့်ပွဲ ကျင်းပမည်ဖြစ်သည်။


ဆက်လက်၍ တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ နိုဝင်ဘာ ၁၁ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ရင်ပြင်တော်ကျားပျံဓမ္မာရုံ၌ (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ ကျင်းပခြင်း၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ နိုဝင်ဘာ ၁၂ ရက် နံနက် ၆ နာရီအချိန်တွင် မြတ်စွယ်တော်တိုက်အတွင်း၌ ဗုဒ္ဓမြတ်စွယ်တော်ကို ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပခြင်း၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီအချိန်တွင် ဗုဒ္ဓမြတ်စွယ်တော်ကို ရင်ပြင်တော်ပေါ်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ် လှည့်လည်အပူဇော်ခံပွဲကျင်းပခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။


ဗုဒ္ဓမြတ်စွယ်တော်ကို  အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်၌ တန်ဆောင်မုန်းလဆန်း ၁၄ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့အထိ၊ နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ နေ့စဉ်နံနက် ၅ နာရီခွဲအချိန်မှ ည ၉ နာရီအချိန်အထိ အပူဇော်ခံမည်ဖြစ်ကာ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ဗုဒ္ဓမြတ်စွယ်တော်ကို တစ်နှစ်တာကိန်းဝပ်စံပါယ်တော်မူမည့် မြတ်စွယ်တော်တိုက် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်ပြီး (၂၆၁၃) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ အောင်ပွဲ/ပိတ်ပွဲအခမ်းအနားတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။


အဆိုပါပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲတော် ကျင်းပစဉ် ၁၀ ရက်တာကာလအတွင်း ပျော်ပွဲရွှင်ပွဲများ၊ ကစားကွင်းများ၊ မြန်မာ့ရိုးရာခြင်းအလှခတ်ပြိုင်ပွဲနှင့် ပွဲတော်ဈေးဆိုင်တန်းများဖြင့် အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)