နေပြည်တော်၊ အောက်တိုဘာ ၃၁
ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ၂၉-၁၀-၂၀၂၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဧည့်သည်တော်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနကြီးမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိသားစုများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်မောင်မယ်များကို အဆင့် မြင့်ပညာရပ်များ အခမဲ့သင်ကြားနိုင်ရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။
ဖွံ့ဖြိုးရေးတက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ ယနေ့ အထိ မဟာပညာရေးဘွဲ့ ၁၅၆ ဦး၊ မဟာဒဿနဘွဲ့ ၃၅ ဦး၊ ပညာရေး ဘွဲ့ ၄၅၈၆ ဦး၊ ဆရာအတတ်သင်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်း ဆရာအတတ်သင် ၉၅၆ ဦး၊ မူလတန်း ဆရာအတတ်သင် ၇၁၆၂ ဦး၊ အထူးမူလတန်းဆရာ အတတ်သင် ၄၆၁ ဦး စုစုပေါင်း ဘွဲ့ရပညာတတ် တိုင်းရင်းသား လူငယ် ၁၄၂၈၈ ဦး မွေးထုတ် ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းဆင်းမောင်တို့မယ်တို့ အနေဖြင့် အမိတက္ကသိုလ်က လေ့ကျင့်သင်ကြား ပို့ချပေးလိုက် သည့်ပညာရပ်များကို စဉ်ဆက်မပြတ် တိုးတက်မြင့်မားအောင် ကြိုးစားအားထုတ်၍ မိမိတို့သင်ကြားပြုစုပျိုးထောင်ရမည့် ကျောင်းသားလူငယ်များအား ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရကိန်းအောင်း ရှင်သန်နေစေရေး၊ ခေတ်မီပညာရပ်များ တတ်မြောက်အောင်သာမက ဗဟုသုတ၊ အတွေးအခေါ်၊ အမြော်အမြင်များ မြင့်မားစေရေး၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ထူးချွန်ထက်မြက် သူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးသွားရမည်ဖြစ်ပါကြောင်း။
သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် တာဝန်ကျရာဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ နိုင်ငံနှင့် ပြည်သူက အားကိုးအားထားပြုရသည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စံပြထူးချွန်ဆု၊ ဆရာ အတတ်ပညာဘာသာထူးချွန်ဆု၊ စာပေဘာသာထူးချွန်ဆု (ဝိဇ္ဇာတွဲ)၊ စာပေဘာသာထူးချွန်ဆု (ဝိပ္ပံတွဲ) ဆုရ ကျောင်းသူများကိုလည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က စာပေဘာသာထူးချွန်ဆု (သိပ္ပံတွဲ)၊ တိုင်းရင်းသား ဘာသာ၊ စာပေနှင့် ယဉ်ကျေးမှုထူးချွန်ဆု၊ ဖွံ့ဖြိုးရေးဘာသာ ထူးချွန်ဆုရကျောင်းသူများကို လည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းပညာရေးမှူးတို့က သင်တန်းဆင်းကျောင်းသား ကျောင်းသူ ၂၀၇ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဘွဲ့နှင်းသဘင်ဧည့်ခန်းမဆောင်၌ ထူးချွန်ဆုရရှိသူများနှင့် မိသားစုဝင်များကို တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကျောင်းဝင်းအတွင်း ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေးအတွက် မြန်မာပြည်မြေပုံအား ပြုပြင်မွမ်းမံဆောင်ရွက် နေမှု၊ တက္ကသိုလ်အဝင်မုခ်ဦး သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်အတွင်း မြစ်ရေတင်သုံးစွဲနိုင်ရေး ရေမြောင်းများအား ပြန်လည်ပြုပြင်ဆောင်ရွက်မှု၊ အားကစားကွင်းနှင့် အားကစားခန်းမ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ အသားစားကြက်၊ ဥစားကြက်၊ ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းမှာကြားသည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဧည့်သည်တော်များနှင့် သင်တန်း ဆင်း ကျောင်းသား ကျောင်းသူများကို ဘွဲ့နှင်းသဘင်ခန်းမ၌ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်သော ဂုဏ်ပြု လက်ဆောင်များအား ပေးအပ်၍ ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment