နေပြည်တော်၊ နိုဝင်ဘာ ၇
(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေး (10th Ayeyawady- Chao Phraya-Mekong Economic Cooperation Strategy (ACMECS)) ကို ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ပြီး လာအိုနိုင်ငံဝန်ကြီးချုပ်က အက်မက်စ် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွဲပြောင်းပေးအပ်သည်။
အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Hun Manet၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone ၊ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူး ပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌ လာအို နိုင်ငံ ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းကိုလည်းကောင်း၊ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ်က အမှာစကားကိုလည်းကောင်း ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ပထမအနေဖြင့် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်(၄)နှစ်တာကာလကို အောင်မြင်စွာထမ်းဆောင်နိုင်ခြင်းအတွက် လာအိုနိုင်ငံဝန်ကြီးချုပ်ကို ချီးကျူးဂုဏ်ပြုလိုကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် လာအိုနိုင်ငံအနေဖြင့် ယခုကဲ့သို့ အရေးကြီးသည့် အစည်းအဝေးကို ဦးဆောင်ကျင်းပနိုင်ခြင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မိမိအပါအဝင် မိမိတို့၏ ကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးသော ဧည့်ဝတ်ပြုမှု၊ ကောင်းမွန်သောအစီအစဉ်များဖြင့် ကြိုဆို ပေးကြသည့်အတွက် ကျေးဇူးတင်ကြောင်း။
၂၀၀၃ ခုနှစ်၊ မြန်မာနိုင်ငံ၊ ပုဂံမြို့တွင် အခြေတည်ခဲ့သည့် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှုသည် ယခုဆိုလျှင် (၂၁) နှစ်သက်တမ်းရှိခဲ့ပြီဖြစ်ကြောင်း၊ စတင်တည်ထောင်ချိန်ကစ၍ အက်ခ်မက်သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရေးနှင့် ဒေသဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှုကို မြှင့်တင်ရေးတို့အတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိ ကြောင်း၊ မဲခေါင်နိုင်ငံ (၅) နိုင်ငံနှင့် စုစည်းထားသော အက်ခ်မက်ဖြစ်သည့်အတွက် (၅) နိုင်ငံတွင်ရှိ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှု နှောင်ကြိုးများသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးအပေါ် အခြေခံထားခြင်းပင်ဖြစ်ကြောင်း။
မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မျှော်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ရရှိနိုင်ရန် အားနည်းချက်များနှင့် စိန်ခေါ်မှုများကိုလည်း လေ့လာသုံးသပ်မိကြောင်း၊ အက်ခ်မက်အဖွဲ့ဝင်အများစုသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သောကြောင့် နည်းလမ်းတစ်မျိုးတည်း အသုံးပြုပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုရရှိရန် ဆောင်ရွက် ရာတွင် စိန်ခေါ်မှုများ ရှိနေကြောင်း၊ မိမိတို့အနေဖြင့် အက်ခ်မက် ပင်မစီမံချက် (ACMECS Master Plan) တွင် ဖော်ပြထားသည့် ဒေသတွင်းဖွံ့ဖြိုးတိုး တက်မှု စီမံကိန်းများနှင့် အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရာတွင် ဆန်းသစ်သည့် မဟာဗျူဟာ များနှင့် လက်တွေ့ကျကျ အကောင်အထည်ပေါ်စေမည့် အသုံးချနိုင်သော ရန်ပုံငွေ ယန္တရားလည်း လိုအပ်ကြောင်း။
ထို့ကြောင့် အက်ခ်မက်ရန်ပုံငွေယန္တရား ထူထောင်ရေးနှင့် ရန်ပုံငွေရရှိရန် အလားအလာနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကိုရှာဖွေရန် ဖွံ့ဖြိုးတိုး တက်မှုမိတ်ဖက်များနှင့် ချိတ်ဆက်မှုများအတွက် ထိုင်းနိုင်ငံ၏ ဆန်းသစ်သည့် စိတ်ကူးကို အသိအမှတ်ပြုကြောင်း၊ အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများသည် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို မြှင့်တင်နိုင်ရန်အတွက် ဦးစားပေး အနေဖြင့် အက်ခ်မက်ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ (ACMDF) ကို ထူထောင်နိုင်ရန် ဆန္ဒပြုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည်မဲခေါင်ဒေသခွဲအတွင်းရှိ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်မှုကို အထူးအလေးထား ဦးစားပေးဆောင်ရွက်လျက်ရှိသည်နှင့်အညီ အက်ခ်မက် မူဘောင်အောက်တွင် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများ၏ ထားရှိခဲ့ သည့် ကာလရှည်ကြာချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းပီသမှု၊ အပြန်အလှန်နား လည်မှု၊ အပြန်အလှန်လေးစားမှုနှင့် အကျိုးအမြတ်မျှဝေမှုတို့အပေါ်တွင် အခြေခံပြီး တက်ကြွ စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ်တို့က အမှာစကားများပြောကြားကြပြီး နယူးဇီလန်နိုင်ငံကို ဒုတိယအသုတ် အက်ခ်မက် ဖွံ့ဖြိုးတိုးတက်မှုနိုင်ငံအဖြစ် အတည်ပြုကြေညာ၍ (၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေး၏ “ ဗီယင်ကျန်းကြေညာစာတမ်း” ကို ထုတ်ပြန် ကြေညာကာ အက်ခ်မက်ပင်မစီမံချက်၏ နောက်ဆက်တွဲအဖြစ် “မဲခေါင်ဒေသတွင်း ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု သဘောတရားစာတမ်း” ကို ထည့်သွင်းသည်။
ယင်းနောက် လာအိုနိုင်ငံဝန်ကြီးချုပ်က အက်မက်စ် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွဲပြောင်းပေးအပ်ပြီး အမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရခြင်းနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ အက်ခ်မက်ပူးပေါင်း ဆောင်ရွက်မှု၏ ဥက္ကဋ္ဌအသစ်အဖြစ် မိန့်ခွန်း ပြောကြားရသည့်အတွက် များစွာဂုဏ်ယူ ပါကြောင်း၊ လွန်ခဲ့သည့် (၄)နှစ်တာကာလအတွင်း အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ ခေါင်းဆောင်မှုအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်း။
လာအိုနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင် နိုင်ငံများအကြား အက်ခ်မက်မူဘောင်အောက်တွင် တက်ကြွသော ပူးပေါင်း ဆောင်ရွက်မှု များနှင့် ဘက်စုံချိတ်ဆက်ဆောင်ရွက်မှုများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ လျင်မြန်စွာ ပြောင်းလဲနေသည့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများအောက် တွင် မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များ အကောင်အထည် ဖော်ခြင်းနှင့် စိန်ခေါ်မှုများ ဖြေရှင်းခြင်းတို့ကို အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်း အင်အားနှင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလတွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များမှရရှိသည့်အကျိုးကျေးဇူးများကို အက်ခ်မက် အဖွဲ့ဝင်နိုင်ငံများအားလုံး ရရှိခံစားနိုင်ရန်အတွက် ယခင်ဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်သကဲ့သို့ အခြေခံကျသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲဖော်ဆောင်ခြင်းဖြင့်လည်းထိရောက်စွာကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှုကို ယခင်ဥက္ကဋ္ဌများ ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ပြီးပြည့်စုံ၍ ဖွံ့ဖြိုးတိုးတက်သည့် အက်ခ်မက်ဒေသ တစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်ရေး ရှေ့ဆက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ အသစ်တာဝန်ကို စတင်ထမ်းဆောင်သည့်အခါ မိမိအနေဖြင့် စိန်ခေါ်မှုများကို ကျော် လွှားနိုင်ရန်နှင့် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှု၏ ရည်မှန်းချက်များကို အောင်မြင် စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ အမြော်အမြင် ကြီးမားမှု၊ ပံ့ပိုးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တို့ကို ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ လာမည့် အက်ခ်မက်ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြီး အဆွေတော်တို့ကို တွေ့ဆုံနိုင်မည့် အခွင့်အလမ်းကို မျှော်လင့်စောင့်စား လျက်ရှိကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment