ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာ ၃

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ဝိဇ္ဇာဘွဲ့သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ကအဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်သည်တော်များ၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကို စတင်တည်ထောင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၆၂၀၊ သိပ္ပံဘွဲ့ ၁၃၈၀ နှင့် အင်ဂျင်နီယာဒီပလိုမာ ၉၅၉ ဦး စုစုပေါင်း ၂၉၅၉ ဦးတို့ကို ပြုစု ပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေး ထောက်ပံ့လေ့ကျင့်သင်ကြားပေးမှု၊ ကျောင်းသား ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုများကြောင့် ယခုအခါတွင် မဟာဝိဇ္ဇာဘွဲ့ ၇၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၄၆ ဦး၊ M.Res ၅၅ ဦး၊ ပါရဂူဘွဲ့ ၁၅ ဦး၊ B.E ဘွဲ့ ၃၀၁ ဦး၊ M.E ဘွဲ့ ၁၅ ဦး၊ B.Tech ၄၅၂ ဦး အသီးသီးအောင်မြင်မှုရရှိခဲ့သဖြင့် အားရကျေနပ်ဖွယ်ဖြစ်ပါကြောင်းနှင့် ကျောင်းဆင်း ကျောင်းသား ကျောင်းသူများအနေဖြင့် အားကျအတုယူ ကြိုးစားအားထုတ်သွားကြရန် အထူးမှာကြား လိုကြောင်း။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ဒီဂရီကောလိပ်များမှ ကျောင်းဆင်း ကျောင်းသား ကျောင်းသူများအား မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSME လုပ်ငန်း များတွင် ဦးဆောင်ပါဝင်ဆောင်ရွက်စေရန်” ဟု လမ်းညွှန်မှာကြားချက်အရ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ရကျောင်းသား ကျောင်းသူများကို ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနများတွင်လည်းကောင်း၊ A.G.T.I ဒီပလိုမာရကျောင်းသား ကျောင်းသူများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနများတွင်လည်းကောင်း အချိုးကျခွဲဝေတာဝန် ပေးခန့်အပ်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ (Keep Moving Forward to Achieve Our Goal)” ဆိုသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံတော်ကို တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ကို မမေ့မလျော့နှလုံးသွင်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်လမ်းပြနိုင်မည့် ခေါင်းဆောင်ကောင်းများ၊ နိုင်ငံတော်က အားကိုအားထားပြုရသည့် သားကောင်း၊ သမီးမွန်များဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်ထူးချွန်ဆု ရရှိသူ နှစ်ဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က A.G.T.I ဒီပလိုမာထူးချွန်ဆုရရှိသူ တစ်ဦးကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များက အလုပ်တာဝန်ခန့်အပ်လွှာများ ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထူးချွန် ကျောင်းသားများနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ကျောင်းသား သုံးဦးနှင့် ဒီဂရီကောလိပ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒီဂရီကောလိပ်ဝင်းအတွင်း မိုးလုံလေလုံအားကစားခန်းမဆောက်လုပ်နေမှု၊ လေးထပ်အင်ဂျင်နီယာစာသင်ဆောင်အသစ်တွင် ဘာသာရပ်အလိုက် သင်ထောက်ကူပစ္စည်းများ ထပ်မံဖြည့်တင်းဆောင်ရွက်မည့်အခြေအနေ၊ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်၊ ဖူဆယ်အားကစားကွင်း၊ စိမ်းလန်းစိုပြည်သာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်‌ဆေးပြီး ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)